မွန်တွင် ကိုဗစ်လူနာအသစ်များ ပြန်တွေ့

0
196

မွန်ပြည်နယ်တွင် ဒီဇင်ဘာလဆန်းပိုင်းကစပြီး ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိလာကြောင်း မြို့နယ်ကျန်းမာရေး တာဝန်ရှိသူအချို့နှင့် ကိုဗစ်အရေးကူညီပေးနေသူများထံမှ သိရသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှစပြီး ကိုဗစ်ကူးစက် သေဆုံးမှုနှုန်းမြင့်တက်လာခဲ့ရာမှ ဩဂုတ်လလယ်ခန့်မှစကာ ကိုဗစ်ကူးစက် သေဆုံးမှုနှုန်း သိသိသာသာ စတင်လျော့ကျလာခဲ့သည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု လျော့နည်းကျဆင်းလာခဲ့ရာမှ ဒီဇင်ဘာလဆန်းပိုင်းမှစကာ မြို့နယ် အချို့တို့တွင် ကိုဗစ်ကူးစက်လူနာအသစ်များ ဆက်တိုက် ပြန်လည်တွေ့ရှိလာခြင်းဖြစ်သည်။

“ကိုဗစ်ကတော့ ပေါ့ဆလို့မရဘူး။ အခုဆို မြို့နယ်တချို့တွေမှာ ပိုးတွေ့လူနာအသစ်တွေ ပြန်တွေ့နေတော့ သတိရှိကြပါ။ mask တပ်ပြီးမှ သွားလာကြပါ” ဟု မြို့နယ်တာဝန်ကျဆရာဝန်တစ်ဦးက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ဆက်တိုက် ပြန်လည်တွေ့ရှိလာသဖြင့် မပေါ့ဆ ကြရန်၊ ကျန်းမာရေးအသိရှိကြရန်၊ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်းလိုက်နာ နေထိုင်ကြရန် ကျန်းမာရေးတာဝန်ရှိသူတို့က ပြောသည်။

ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိနေခြင်းမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် (Omicron) မဟုတ်သေးဘဲ ကိုဗစ်တတိယလှိုင်းတွင် ကူးစက်ခဲ့သည့် မျိုးကွဲသာဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ဇူလိုင်လတွင် တစ်ရက်လျှင် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိခဲ့သည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ အထက်ရှိ ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ မွန်ပြည်နယ်တွင် ကိုဗစ် ကူးစက်ခံရသူ ၁၆,၄၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၄၀၀ နီးပါး ရှိခဲ့သည်။