လောင်းလုံး ဝေဒီရွာတွင် ရွာသားသုံးဦးအဖမ်းခံရ၊ ဆိုင်ကယ်အချို့ကိုလည်း ဒဏ်ရိုက်

0
432

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် စစ်တပ်က တပ်လာစွဲပြီး‌နောက် ရွာသားသုံးဦး အဖမ်းခံရကာ ဆိုင်ကယ်အချို့ကိုလည်း ဖမ်းဆီးဒဏ်ရိုက်ကြောင်း ဒေသခံအချို့က ပြောသည်။

ဒီဇင်ဘာလ ၁၄ ရက်တွင် စစ်တပ်က ဝေဒီကျေးရွာဈေးအနီးရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်က ညဦးပိုင်း အပြင်ထွက်သည့် အမျိုးသားသုံးဦး အဖမ်းခံရပြီး ပြန်မလွတ်လာသေးကြောင်း ဒေသခံတစ်ဦးက ယနေ့ (ဒီဇင်ဘာ ၁၆) နံနက် ၁၀ နာရီကျော်တွင် ပြောသည်။

မည်သည့်အတွက် ဝေဒီကျေးရွာတွင် တပ်လာစွဲသည်ကို မသိကြောင်း ဒေသခံအချို့က ဆိုသည်။ ဒီဇင်ဘာလ ၉ ရက်ကမူ ဝေဒီကျေးရွာအနီးက အင်းဇောက်ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်တွင် ဗုံးပေါက်ကွဲမူ ဖြစ်ပွားခဲ့ဖူးသည်။

အင်ဇောက်ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပေါက်မူမှာ ထားဝယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိ ဝေဒီကျေးရွာတွင် ညနေ ၅ နာရီကျော်ပါက အပြင်ထွက်ခွင့် မပြုတော့ကြောင်း ဒေသခံအချို့က ပြောသည်။

“လူမမာ သွားစောင့်ပေးမလို့ဟာကို အိမ်ထဲက အိမ်ပြင်မထွက်ရဲလို့ ဒုက္ခရောက်နေတယ်” လို့ ဝေဒီဒေသခံတစ်ဦးက ပြောပါတယ်။

ဝေဒီကျေးရွာတွင် တပ်လာစွဲပြီးနောက် ရွာအဝင်လမ်းထိပ် နှစ်နေရာတွင် စစ်ဆေးနေပြီး ဆိုင်ကယ်အချို့ လိုင်စင် မရှိဟုဆိုကာ ဖမ်းဆီး ဒဏ်ရိုက်ကြောင်း ‌၎င်းဒေသခံက ဆိုသည်။

ဝေဒီကမ်းဟုခေါ်သည့် နေရာတွင်မူ နေအိမ်ထဲအထိ လိုက်လံစစ်ဆေးပြီး လိုင်စင်မဲ့ဆိုင်ကယ်ဟုဆိုကာ ဒဏ်ငွေရိုက်ကြောင်း ဆိုသည်။

“ဆိုင်ကယ် လိုင်စင် စစ်တယ်။ မောင်းလိုင်စင် စစ်တယ်။ ကိုဗစ်ကာကွယ်ဆေး လက်မှတ်စစ်တယ်။ မရှိဘူး။ သူတို့ စစ်တာ စုံအောင်မပြနိုင်ရင် သုံးသောင်း ‌(ကျပ်) ဒဏ်ရိုက်တယ်။ ဆိုင်ကယ်တော့ မသိမ်းဘူး” ဟု ကိုယ်တိုင် ဒဏ်ငွေဆောင်ခဲ့ရသူတစ်ဦးက ပြောသည်။

ဆိုင်ကယ်မည်မျှ ဒဏ်ရိုက်ခံရသည်ကိုမူ အတိအကျ မသိရပေ။

ဒီဇင်ဘာလ ၁၁ ရက်ကလည်း လောင်းလုံးမြို့ တောင်ဖက် ၁၀ မိုင်ခန့်အကွာရှိ ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာတွင် အလားတူ ဆိုင်ကယ်များ သိမ်းဆည်းပြီး ဒဏ်ရိုက်ကာ ပြန်ပေးခဲ့သည်။