ပုလောတွင် ပုဂ္ဂလိက အမှိုက်သိမ်းခလစဉ်ကြေး တိုးကောက်မည်

0
313

ပုလောမြို့တွင် အမှိုက်သိမ်းလုပ်ငန်း လုပ်ကိုင်နေသည့် မြရတနာ ပုဂ္ဂလိကအမှိုက်သိမ်းလုပ်ငန်းသည် ဒီဇင်ဘာလကုန်မှ စတင်ပြီး အမှိုက်သိမ်းခ လစဉ်ကြေး ငါးရာကျပ် တိုးမြှင့်ကောက်ယူတော့မည်ဖြစ်ကြောင်း ကြေညာထားသည်။

ယခင် ၁၅၀၀ ကျပ်ကောက်နေသည့်နေရာမှ ယခု ၂၀၀၀ ကျပ် ကောက်ခံမည်ဖြစ်ပြီး ၂၅၀၀ ကျပ် ကောက်ခံနေသည့် စားသောက်ဆိုင်လုပ်ငန်းများကို ၃၀၀၀ ကျပ် စသည်ဖြင့် တိုးကောက်မည်ဖြစ်ကြောင်း မြရတနာအမှိုက်သိမ်းလုပ်ငန်း မန်နေဂျာက ပြောသည်။

လုပ်ငန်းအရှုံးပေါ်နေသဖြင့် လစဉ်ကြေး တိုးမြှင့်ကောက်ခံရခြင်းဖြစ်ပြီး အမှိုက်ထွက် နည်းသည့် နေအိမ်၊ ‌ဆိုင်တို့ကိုမူ ညှိနှိုင်းကောက်ခံသွားပြီဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ကားပြင်စာရိတ်၊ အလုပ်သမားငှားခတွေနဲ့ဆို တစ်လကို ဆယ်ပုံး (ဆယ်သိန်းကျပ်) လောက် ရှုံးနေတာပါ။ ဒီလိုတိုးကောက်လိုက်ရင်တော့ အရင်းလောက်ရရင်ကို အဆင်ပြေပါတယ်” ဟု ၎င်းမန်နေဂျာက ပြောသည်။

ပုလောမြို့ပေါ်ရှိ ကွမ်းယာဆိုင်ပိုင်ရှင်တစ်ဦးက အမှိုက်သိမ်းခ လစဉ်ကြေး ငါးရာကျပ်တိုးကောက်မည်ကို လက်ခံနိုင်ကြောင်း ဆိုသည်။

“အခုချိန်မှာ (စက်သုံး) ဆီ ဈေးတွေကြီးနေတာဆိုတော့ လူတွေကလည်း နားလည်ကြပါတယ်” ဟု ၎င်းက ပြောသည်။

မြရတနာပုဂ္ဂလိက အမှိုက်သိမ်းလုပ်ငန်းသည် ပုလောမြို့ ‌နေအိမ်နှင့် စားသောက်ဆိုင် စုစုပေါင်း တစ်ထောင်ဝန်းကျင်ကို အမှိုက်သိမ်းဝန်ဆောင်မူပေးနေခြင်းဖြစ်သည်။

မတည်ငြိမ်သည့် နိုင်ငံရေးအခြေအနေကြောင့် အထွေထွေ ကုန်ဈေးနှုန်းများ ကြီးမြင့်လာပြီးနောက် အချို့ ဝန်ဆောင်မူလုပ်ငန်းများလည်း ဈေးမြင့်တက်လာနေသည့်ဒဏ်ကို ပြည်သူများခံစားနေကြရသည်။