မြိတ်တွင် အမျိုးသားတစ်ဦး အဖမ်းခံရပြီး နှစ်ရက်အကြာ သုသာန်တွင် အလောင်းလာကြည့်ရန် မိသားစုကို ခေါ်

0
183

မြိတ်မြို့၊ နောက်လယ်ရပ်ကွက်တွင် ထမင်းဆိုင်ရောင်းချသူ အမျိုးသားတစ်ဦး ဖမ်းဆီးခံရပြီး နှစ်ရက်အကြာတွင် ရုပ်အလောင်းကို သုသာန်၌ လာရောက်ကြည့်ရှုရန် မိသားစုကို ခေါ်ကြောင်း ယင်းရပ်ကွက် အသိုင်းအဝိုင်းထံမှ သိရသည်။

နောက်လယ်ရပ်ကွက် (၁) လမ်းတွင် ထမင်းဆိုင်ရောင်းချသူ အသက် ၄၀ နှစ်အရွယ်ရှိ ဦးပြည့်စုံဦး (ခေါ်) တီးတီကို ဒီဇင်ဘာလ ၄ ရက်နေ့ နံက် ၇ နာရီခွဲ အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်ဖြင့် လက်နက်များကိုင်ကာ ကားနှစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းနောက် ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီတွင် တီးတီ၏ ရုပ်အလောင်းကို ကလွှင်သုသာန်တွင် လာ ရောက် ကြည့်ရှုရန် မိသားစုကို အကြောင်းကြားလာကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများက ပြောပြသည်။

“မိသားစုပဲလာ။ အပြင်လူ လုံးဝမလိုဘူး။ ဖုန်းလည်း မယူလာနဲ့ဆိုပြီး လာခေါ်တယ်လို့သိရတယ်” ဟု ရပ်ကွက်သားတစ်ဦးက ပြော သည်။

တီးတီသည် PDF များကို ထောက်ပံ့ပေးနေသည် (သို့မဟုတ်) PDF များအတွက် အလှူခံပေးနေသည် ဆိုသော စွပ်စွဲချက်ဖြင့် လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ရပ်ကွက်သားများက ပြောပြကြသည်။

၎င်းကို မဖမ်းဆီးမီ နှစ်ရက်ခန့်ကပင် တီးတီ နေထိုင်သည့် လမ်းသို့ ကားနှစ်စီး မကြာမကြာ လာရောက်ခဲ့သည်ကို ရပ်ကွက်သားများမှ သတိထားမိကြောင်း ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။

“မိဘနှစ်ယောက်စလုံးက လေဖြတ်ပြီး အိပ်ယာထဲမှာ၊ သူက ထမင်းဆိုင်လေး ရောင်းပြီး လုပ်ကျွေး နေတာပါ” ဟု ရပ်ကွက်သူတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် တီးတီတွင် ဇနီးနှင့် ခလေးနှစ်ဦး ကျန်ရစ်ကြောင်း ရပ်ကွက်သားများထံမှ သိရသည်။

ဦးပြည့်စုံဦး (ခေါ်) တီးတီ မည်သည့်အကြောင်းအရင်းကြောင့် သေဆုံးခဲ့သည်ကိုမှု စစ်ကောင်စီထံမှ အတည်ပြုချက် မရရှိသေးပေ။