ထားဝယ်ထွက် ရေကြည်ငါးခြောက် ဈေးနှစ်ဆတက်

0
460

ထားဝယ်ဒေသထွက်သည့် ရေကြည်ငါး ခေါ် ငါးနီတူခြောက် တစ်ပိဿာလျှင် ရာသီဖွင့်ဈေး နှုန်းသည် ယခင်နှစ်ထက် နှစ်ဆ ဈေးတက်နေကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ရေကြည်ငါးခြောက် တစ်ပိဿာကို အကြီးအသေးပေါ်မူတည်ပြီး ယခင်နှစ်က ငွေကျပ် လေးထောင်‌၊ လေးထောင့်ငါးရာကျပ် ပေါက်ဈေးရှိရာမှ ယခုနှစ်တွင် ကျပ်ရှစ်ထောင်၊ ကိုးထောင် ဝန်းကျင်ခန့် ရှိကြောင်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာမှ ယင်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီနှစ်က ဆီဈေးကလည်း ကြီးတယ်။ ငါးလည်း နည်းတယ်။ အစိမ်းဝယ်ရတာတောင် အရင်နှစ်ကထက် ထက်ဝက် (ဈေး) ပေးဝယ်ရတာ” ဟု ၎င်းက ဆိုသည်။

ယခုနှစ်တွင် စက်သုံးဆီဈေးနှုန်းတက်ခြင်း၊ ငါး ဖမ်းဆီးရရှိမှု လျော့နည်းခြင်းတို့ကြောင့် ဈေးတက်ခြင်း ဖြစ်နိုင်ကြောင်း ပင်လယ်ရေထွက်ကုန် လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ရေကြည်ငါး အစိမ်း တစ်ခြင်းကို အရင်နှစ်က လှေပေါ်ချ ဈေးနှုန်းမှာ ငွေကျပ် တစ်သောင်းခွဲခန့် ပေါက်ဈေး ရှိသော်လည်း ယခုနှစ်တွင်မူ သုံးသောင်းကျပ် ဝန်းကျင်ခန့်အထိ ပေးဝယ်ရကြောင်း အထက်ပါ အမျိုးသမီးက ပြောဆိုသည်။

ထားဝယ်မြို့တွင် ရေကြည်ငါး ဝယ်ရောင်းသူ တစ်ဦးကလည်း လက်ရှိ ‌မြို့ပေါ်ဈေးကွက်တွင် တစ်ပိဿာ တစ်သောင်းနှစ်ထောင် ဝန်းကျင်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ယခင်နှစ်က ယခုလို ကာလတူအချိန်တွင် တစ်ပိဿာ ငါးထောင်၊ ခြောက်ထောင် ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပြောသည်။

“ငါးဖမ်းလှေတွေကတော့ စက်သုံးဆီ ဈေးတက်တာနဲ့ စရိတ်ကြီးလို့ တက်ရတယ် ပြောတယ်” ဟု ၎င်းက ဆိုသည်။

ရေကြည်ငါး လုပ်ငန်းကို လောင်းလုံးမြို့နယ်ရှိ ပင်လယ်ကမ်း‌ခြေပေါက် ကျေးရွာများတွင် လုပ်ကိုင်လေ့ရှိသည်။

ရေကြည်ငါး (ငါးနီတူ) ခြောက်လုပ်ငန်းကို မိုးရာသီအကုန် သီတင်းကျွတ်လမှစ၍ တန်ခူးလ အထိ ယင်းလုပ်ငန်းကို လုပ်ကိုင်ကြပြီး အဆက်သွက်ရှိသူများက အိမ်နီးချင်း ထိုင်းနိုင်ငံအထိ တင်ပို့ ရောင်းချကြ ကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။