ပုလော ဂျက်ဂါကျေးရွာအနီး ပစ်ခတ်မှုဖြစ်

0
540

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဂျက်ဂါရွာအနီးတွင် စစ်တပ်နှင့် ပုလော PDF တပ်တို့ ပစ်ခတ်မှု ဖြစ်ပွားကြောင်း ပုလော ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၃ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများလည်း ကြားရကြောင်း ဒေသခံများက ပြောသည်။

“သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ ကြားရတာကတော့ မိနစ် နှစ်ဆယ်နီးပါးလောက်တော့ ရှိမယ်။ ဘယ်သူတွေ ဘာဖြစ်တယ်ဆိုတာတော့ မကြားရသေးဘူး” ဟု နန်းတောင်ရွာက ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ ဂျက်ဂါသည် နန်းတောင်ကျေးရွာအုပ်စုထဲတွင် ပါဝင်သည်။

ယင်းပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်- ပုလော (People’s Defence Force-Palaw) အဖွဲ့က ဂျက်ဂါရွာနေ ဒလန်အား သွားရောက်သတိပေးပြီးနောက် အပြန်တွင် ပစ်ခတ်မှုဖြစ်ပွား ကြောင်း ထုတ်ပြန်ထားသည်။

စစ်တပ်ဖက်က အင်အား ၄၀ ခန့်ဖြင့် စစ်ကြောင်း သုံးကြောင်းခွဲကာ ၎င်းတို့နောက်က လိုက်ခဲ့ပြီး KNU နယ်မြေအတွင်းတွင် ပစ်ခတ်မှုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်တပ်ဖက်က လေးဦးဒဏ်ရာရရှိခဲ့ပြီး ပုလောပြည်သူ့ကာကွယ်ရေးတပ်က အထိအခိုက် မရှိကြောင်း၊ တိုက်ပွဲ ၁၅ မိနစ်အကြာတွင် စစ်တပ်ဖက်က လက်နက်ကြီးများဖြင့်ပစ်ကာ ပြန်လည် ဆုတ်ခွာသွားကြောင်း ယင်းကြေညာချက်တွင် ရေးသားထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီကမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။