သထုံမြို့ လဝကရုံးတွင် ဗုံးပေါက်

0
725

မွန်ပြည်နယ် သထုံမြို့နယ် လဝကရုံးတွင် ဗုံးပေါက်ကွဲသဖြင့် ဆိုင်ကယ်အချို့နှင့် လဝကရုံး အဆောက်အအုံ ထိခိုက်ပျက်စီးကြောင်း သထုံမြို့ခံများထံမှ သိရသည်။

သထုံမြို့ရှိ မြို့နယ် လဝကရုံးတွင် ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ရုံးရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ် သုံးစီးနှင့် ရုံးအဆောက်အအုံ နေရာအချို့ ထိခိုက်ပျက်စီးကြောင်း ၎င်းတို့ထံမှ သိရသည်။

“လဝကရုံး ပေါက်ကွဲမှုမှာ လူထိခိုက်တာတွေတော့ မရှိဘူးလို့ သိရတယ်” ဟု သထုံမြို့ခံတစ်ဦးက ပြောသည်။

သထုံမြို့နယ် လဝကရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ငွေကြေးစီးဝင်မှုကို ဖြတ်တောက်စေလိုသောကြောင့် ဗုံးခွဲတိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် ပြည်သူလူထုအနေနှင့်လည်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုကို ရှောင်ကြည်ပေးကြရန် လည်း မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

သထုံမြို့ပေါ်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအပါအဝင် တစ်မနက်အတွင်း ငါးနေရာ ဗုံးပေါက်ကွဲခဲ့သည်။

ယင်းအပြင် ဒီဇင်ဘာလ ၂ ရက်နေ့ညကလည်း သထုံမြို့အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံခဲရသည်။

ယင်းသို့ ဗုံး ဆက်တိုက် ပေါက်ကွဲသဖြင့် ယခုရက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့က မြို့အနှံ့ ရှာဖွေစစ်ဆေးမှုးများ ပိုမိုတင်းကြပ်လာသည့်အပြင် ညပိုင်းတွင်လည်း မြို့အတွင်း လှည့်လည်ပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။