ရေဖြူတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

0
252

ထားဝယ်ခရိုင် ရေဖြူမြို့ (ဃ) ရပ်ကွက် (ဆင်းသေရွာ) က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးနိုင် ခေါ် ဦးအာလူးဆိုသူ ယနေ့ (ဒီဇင်ဘာ ၃) နံနက် ၇ နာရီခန့်တွင် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရ သည်။

နေအိမ်တွင်ရှိနေစဉ် သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားခြင်းဖြစ်ပြီး အရေးပေါ်ကားဖြင့် ထားဝယ် ဆေးရုံ သို့ တင်ဆောင်သွားသော်လည်း သေဆုံးသွားကြောင်း၊ သေနတ်သမားက မည်ကဲ့သို့ လာရောက် ပစ်ခတ်ခံသည်ကိုမူ မသိလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လည်ပင်းမှာ သေနတ်ထိပြီး အရေးပေါ်ကားနဲ့ ထားဝယ်ဆေးရုံ တင်သွားတယ်။ ဟိုရောက်တော့ သေသွားတယ်လို့ သတင်းကြားရတယ်” ဟု ယင်းရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

ဦးစိုးနိုင် ပစ်သတ်ခံရပြီးနောက် (ဃ) ရပ်ကွက်နေထိုင်သူ အသက် ၇၀ ကျော်အရွယ် ဦးကြည်လွင်ကြီးနှင့် ၎င်း၏ သမက်ဖြစ်သူအမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဦးကြည်လွင်ကြီးက အသက်ကြီးပြီ။ နိုင်ငံရေးတွေ မလုပ်တော့ဘူး။ ဟိုးအရင်တုန်းကတော့ NLD ပါတီရုံးတွေ သူ့အိမ်မှာ ဖွင့်ဖူးတာတွေ ရှိတယ်။ အခုလည်း နိုင်ငံရေးလုပ်နေတယ်ထင်ပြီး ဖမ်းသွားတာပဲ နေမယ်” ဟု ၎င်းဒေသခံက ဆိုသည်။

ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်မှာ ရပ်ကွက် ဖဲဝိုင်းများနှင့် ထောက်ခံစာပေးရာတို့တွင် ငွေတောင်းခံလေ့ရှိသူဟု နာမည်ကြီးသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။