ပင်လယ်ရေ မြင့်တက်မှုကြောင့် ဆားထုတ်လုပ်မှုစရိတ် ပိုကြီး

0
1018

ပင်လယ်ရေမျက်နှာပြင် ဒီရေမြင့်တက်လာမှုကြောင့် ထားဝယ်ခရိုင် ဆားလုပ်ငန်းတွင် ဆားထုတ်လုပ်မှု ကုန်ကျစရိတ် ပိုမိုကုန်ကျကြောင်း ဆားလုပ်ငန်းရှင်းအချို့က ပြောသည်။

ယခုနှစ်တွင် ပင်လယ်ရေမျက်နှာပြင် ၆ လက်မခန့် မြင့်တက်နေသဖြင့် တာဘောင်များကို မြေထပ်မံဖို့ကာ ခိုင်ခံ့အောင် ပြုလုပ်ရကြောင်း၊ ထို့ကြောင့် ဆားထုတ်လုပ်မှု ကုန်ကျစရိတ်က ယခင်နှစ်ကထက် ပို၍ ကုန်ကျကြောင်း ထားဝယ်မြို့မှ နေလှန်းဆားလုပ်ငန်းရှင် ဦးသန်းဝင်းက ပြောသည်။

“ဒီနှစ်က ဘာဖြစ်သွားလဲ ဆိုတော့ ထူးကဲဒီရေတက်သွားတယ်၊ ထူးကဲဒီရေတက်သွားတော့ ဆားကွင်းကို လုံအောင်ပတ်ထားတဲ့ တာတွေ လေးနေရာလောက် ပျက်သွားတယ်။ အဲဒီတော့ စရိတ်နည်းနည်း ပိုကုန် တယ်။ အမှန်က ဒီဟာကို ဆားကွင်းပြင်တဲ့ထဲ ထည့်ရမယ့်အစား အပြင် ရေငန်မဝင်အောင် တားထားတဲ့ ပတ်တာအတွက် ကုန်သွားတာပေါ့” ဟု ဦးသန်းဝင်းက ဆိုသည်။

ဆားကွင်းပြင်ရမည့် အချိန်တွင် တာဘောင်ကို မြေထပ်ဖို့နေရသဖြင့် အလုပ်သမားခတွေ ပိုကုန်ကျလာပြီး ဆားထွက်ချိန်လည်း ၁၅ ရက်ခန့် နောက်ကျသွားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာက တစ်နိုင်တစ်ပိုင် ဆားလုပ်ငန်းရှင် ဒေါ်မြင့်စန်းကလည်း ဆားထွက်ချိန် ရေငန် ဝင်ရောက်မည်စိုးရိမ်သဖြင့် တာဘောင်များကို မြေထပ်ဖို့ကာ ကြိုတင်မြှင့်ထားရသဖြင့် ယခင်နှစ်ကထက် ထုတ်လုပ်မှု စရိတ်ပိုကြီးလာကြောင်း ပြောသည်။

“ဒီနှစ်က ရေကကြီးတယ်ဆိုတော့ ဘောင်တွေမှာ တာဖို့ရများတယ်။ အကုန်အကျ များတယ်။ နှစ်တိုင်းဆို ရေကြီးတယ်ဆိုတာ ဘောင်တစ်ခုမှာ တစ်တောင်လောက် (ရေမြုပ်ဖို့) လိုသေးတယ်။ အဲဒါ ရေကြီးဆုံးတွေ ပဲ။ အခုကတော့ ကွင်းတွေက စုန်းစုန်းမြုပ်သွားတယ်။ ဒီနှစ်က မလုပ်ခင် ရေနစ်တာက အကြောင်း မဟုတ်သေးဘူး။ ဆားပေါ်နေတုန်းအချိန် ရေသွားနစ်ပြီဆို အားလုံးဆုံးရှုံးမှာ” ဒေါ်မြင့်စန်းက ဆိုသည်။

ပြင်းဖြူကြီးရွာတွင် ဆားကို မီးဖြင့် ချက်လုပ်ကြသည်။

ယခုနှစ်တွင် ဆားချက်သည့် ထင်းဈေးလည်း လိုက်တက်လာပြီး အလုပ်သမား ငှားရမ်းခမှာလည်း ပြီးခဲ့သည့်နှစ်ကထက် ၂၀၀၀ ကျပ်ပိုပေးရသဖြင့် ထုတ်လုပ်မှုစရိတ်ကြီးလာခြင်းဖြစ်သည်ဟု ဒေါ်မြင့်စန်းက ဆိုသည်။

ပြင်းဖြူကြီးရွာမှ တစ်နိုင်တစ်ပိုင် ဆားလုပ်ငန်း လုပ်ကိုင်သူများမှာ ဆားထုတ်လုပ်စရိတ်အတွက် အစိုးရ ချေးငွေ အထောက်အပံ့ မရသဖြင့် ပြင်ပ ငွေစု ငွေချေးကုမ္ပဏီများထံမှ ငွေတိုးဖြင့် ချေးငွေရယူကာ လုပ်ငန်း လည်ပတ်နေရကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူတို့က ပြောကြသည်။

ဆားထုတ်လုပ်မှုစရိတ် မြင့်တက်လာသဖြင့် လက်ရှိကာလ ပေါက်ဈေးအတိုင်းရမှသာ ထုတ်လုပ်မှုစရိတ်ကို ကာမိမည်ဟု ဆားလုပ်ငန်းရှင်အချို့က ပြောသည်။

လက်ရှိ နေလှန်းဆား တစ်ပိဿာ ၂၇၀ ကျပ်ခန့်ရှိပြီး မီးချက်ဆားမှာ တစ်ပိဿာ ၄၀၀ ကျပ်ခန့်ရှိသည်။

ဆားထွက်ချိန်တွင် ဈေးကောင်း ရမရ ဆိုသည်မှာ ဈေးကွက်လိုအပ်ချက်အရ ဝယ်လိုအားပေါ်မူတည်ပြီး ဆားအထွက် လျော့ခြင်း၊ တိုးခြင်းမှာလည်း ရာသီဥတု ကောင်းမွန်သာယာမှု၊ ဖောက်ပြန်မှုအပေါ် မူတည် နေသည်ဟု ဆားလုပ်သူအချို့က ပြောသည်။

ယခုနှစ်တွင် မိုးမပြတ်ခြင်း၊ တောင်ကျရေများခြင်းနှင့်အတူ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း ကြောင့် ဆားကွင်းရှိ တာဘောင်များကိုပါ လိုက်မြင့်ရခြင်းဖြစ်ကြောင်း၊ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ဒဏ်ကို ခံရခြင်းဖြစ်ကြောင်း ဆားလုပ်ငန်းရှင် အချို့က ခန့်မှန်း ပြောဆိုသည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းဖြစ်စဉ်များကြောင့် ကမ္ဘာ့အပူချိန် နှစ်စဉ်မြင့်တက်လာတာနဲ့အတူ ရေခဲတောင်များ အရည်ပျော်လာခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခြင်း၊ အင်အားပြင်းသော မုန်တိုင်းများ၊ ငလျင်များ ဖြစ်ပေါ်လာခြင်း၊ မိုးခေါင်ခြင်း၊ မြေအောက်ရေများ ခမ်းခြောက်လာခြင်း၊ မြစ်၊ ချောင်း၊ အင်းအိုင်များ တိမ်ကော ပျောက်ကွယ်လာခြင်း၊ မြေဆီလွှာ ခြောက်ခန်းလာခြင်းတို့အပြင် တောမီးများ လောင်ခြင်း စသည့် သဘာဝဘေးအန္တရာယ် ဆိုးကျိုးများစွာက ယနေ့ ကမ္ဘာကြီးကို ခြိမ်းခြောက်လျှက်ရှိသည်။