မြိတ်တွင် နိုဝင်ဘာလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ လျော့ကျ

0
159
ဂရုဏာနာရေးကူညီမှုအသင်း

မြိတ်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကိုဗစ်ကြောင့် သေဆုံးသူ တစ်ဆယ့်တစ်ဦး ရှိခဲ့ရာမှ နိုဝင်ဘာလအတွင်း သေဆုံးသူ နှစ်ဦးသို့ ကျဆင်းသွားကြောင်း နာရေးကူညီမှုအသင်းနှင့် တနင်္သာရီတိုင်း၊ကျန်းမာရေးဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရသိရသည်။

ကိုဗစ်ရေဂါဖြင့် ဆေးရုံသို့တက်ရောက်ကုသသူများအနက် နိုဝင်ဘာ ၁၉ ရက်နေ့တွင်တစ်ဉီးနှင့် နိုဝင်ဘာ ၃၀ ရက်နေ့တွင် တစ်ဦး စုစုပေါင်းနှစ်ဉီး သေဆုံးခဲ့ကြောင်း သိရသည်။

“၂၉ ဆေးရုံတင်တော့ ပိုးတွေ့တယ်။ ၃၀ မှာသေသွားတယ်။ ရောဂါအခံရှိသူပါ”ဟု ဂရုဏာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက ပြောသည်။

ကိုဗစ်ရောဂါပိုးကူးစက်သူ သေဆုံးသူလျော့ကျလာသည့်အတွက် ထားဝယ်မြို့နယ်နှင့် မြိတ်မြို့နယ်တို့အပေါ် ကြေငြာထားသည့် နေအိမ်တွင်နေထိုင်ရေး Stay at home အမိန့်အား နိုဝင်ဘာ ၁၁ ရက်နေ့တွင် သက်ဆိုင်ရာမှ ပြန်လည်ရုပ်သိမ်းခဲ့သည်။

ယင်းအမိန့်အား ကိုဗစ်တတိယလှိုင်းမြင့်တက်ချိန် သြဂုတ်လ ၂၁ ရက်နေ့မှစတင်ကာ သတ်မှတ်ခဲ့ပြီး အိမ်ထောင်စုတစ်စုလျှင် တစ်ဦးနှုန်းသာ နေအိမ်ပြင်ပ ထွက်ခွာသွားလာခွင့်ပြုခဲ့သည်။

မြိတ်မြို့တွင် ဇူလိုင်လနှောင်းပိုင်းနှင့် သြဂုတ်လတွင် ကိုဗစ်ကြောင့်သေဆုံးမှု အမြင့်ဆုံးဖြစ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာများနှင့် ပြည်သူ့ဆေးရုံကြီးအပါအဝင် စုစုပေါင်းသေဆုံးသူ တစ်နေ့လျှင် ဆယ်ဦးခန့်ရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းများ ထံမှသိရသည်။