“မြန်မာပြည်မှာ မငတ်နိုင်ဘူးဆိုတာ မမှန်တော့ဘူး”

0
306
aljazeera

အမိမြေစွန့် မြန်မာ အလုပ်သမား ကိုဗစ်ဘေးထိ ထိုင်းအတွက် အသက်

| Aljazeera ပါ ဆောင်းပါးကို ပြန်ဆိုသည်|

စည်သူ့အတွက်ကတော့ ညစဉ်ရွေးချယ်မှုမှာ ရိုးစင်းလှသည်ပင်။ ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်လုပ်ကိုင်မှုအတွက်အဖမ်းခံရမည့် အန္တရာယ်ရှိနေသည့်အခြေအနေမျိုးတွင်စွန့်စားမည်လော၊ သို့မဟုတ် စိတ်ဆင်းရဲစရာများနှင့် ပြည့်နေသည့်မြန်မာကို ပြန်မည်လော ဟုရွေးချယ်ရခြင်း။

သူသည် ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများဖြစ်သော ဟိုတယ် ခရီးသွားလုပ်ငန်းကဲ့သို့ ဧည့်ဝတ်ပြုရသောလုပ်ငန်းမျိုး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စိုက်ပျိုးရေးခြံများနှင့် စက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအနက် တစ်ဦးဖြစ်သည်။ ကိုဗစ်ဒဏ်ခံထိုလုပ်ငန်းများသည် ယခုတော့ တရားဝင်လုပ်သားများကို လိုအပ်လျက်ရှိသည်။

ထိုင်းဘုရင့်နိုင်ငံတော်ကြီးမှာ ပြီးခဲ့သည့်နှစ်အတွင်းက ၁၉၉၇ ခုနှစ်နောက်ပိုင်းတွင် အဆိုးဆုံးသော စီးပွားရေးကျဆင်းမှုကို ခံစားခဲ့ရသော်လည်း အရှေ့တောင်အာရှတွင် စီးပွားရေးအရ ဒုတိယ အင်အားအကြီးဆုံး နိုင်ငံဖြစ်နေဆဲဖြစ်သည်။ အဖိတ်အစင်များရှိသော ကိုဗစ်ထိန်းချုပ်ရေးတိုက်ပွဲအပြီး စီးပွားရေးကို ပြန်လည် နာလန်ထူ အားဖြည့်ရန် ကြိုးပမ်းနေသည်။

ထိုသို့ စီးပွားရေး နာလန်ထူအားဖြည့်မှုလုပ်ဆောင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများဖြစ်သော မြန်မာ၊ ကမ္ဘောဒီးယား နှင့် လာအို လုပ်အားခဈေးသက်သာသော အခြေခံလုပ်သား သိန်းနှင့်ချီ၍ ထိုင်းကလိုအပ်လျက်ရှိသည်။

သို့ရာတွင် မပြီးသေးသော ကပ်ရောဂါကာလအတွင်း လုပ်သားစုဆောင်းရှာဖွေရသည်က အတော်ပင် ရှုပ်ထွေးလှ ကာ စနစ်တကျမထိန်းချုပ်ထားသော လုပ်သားများရွှေ့ပြောင်း ဝင်ရောက်သွားလာမှုများမှသည် ကိုဗစ်ကူးစက်များ တဖန်ပြန်လည် မြင့်တက်လာကာ နောက်ဆုံးတွင် တိုင်းပြည်ကို နောက်တခါ ပြန်လည် ပိတ်ချလိုက်ရမည့်အရေးကိုလည်း ရတက်မအေးနိုင်သေးပေ။

သည်လိုအနေအထားမျိုးက ထိုင်းနိုင်ငံတွင်း ကိုဗစ်ဗိုင်းရပ်စ်ကြောင့် အလုပ်စောင့်ဆိုင်းနေရသော ရွှေ့ပြောင်းလုပ်သားများ သို့မဟုတ် နယ်စပ်မှတစ်ဆင့် တရားမဝင်ခိုးဝင်လာသော ရွှေ့ပြောင်းလုပ်သားများကို အမှီပြု လည်ပတ်နေရသော စီးပွားရေးလုပ်ငန်းများစွာကို နောက်ကျ ကျန်ရစ်ခဲ့စေသည်။

“ကျွန်တော်တို့မှာ အထောက်အထား စာရွက်စာတမ်းတွေမရှိဘူး။ ကျွန်တော်တို့ အခုချိန် တရားဝင် မှတ်ပုံတင်အထောက်အထားတွေသွားလုပ်ရမှာ သိပ်ကြောက်တယ်။ မတော်ရင် ကျွန်တော်တို့ ပြန်ပို့ခံရမှာ”ဟု ဘန်ကောက်မြို့လယ်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် တရားမဝင်အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ကိုစည်သူက အယ်ဂျားဇီးရား သတင်းဌာနသို့ ဖွင့်ဟသည်။

သူ၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန်အတွက် စည်သူ ဟူသော အမည်တစ်ခုကိုသာ ပေးထားခဲ့သူဖြစ်သည်။ သူ၏ ဆွေမျိုးသားချင်း လုပ်ဖောင်ကိုင်ဖက်များမှာ ခွင့်ပြုထားသည့် သတ်မှတ်ချိန် ကျော်လွန်၍ ဖွင့်နေသော စားသောက်ဆိုင်လုပ်ငန်းတစ်ခုတွင် အလုပ်လုပ် မိ၍ ပြီးခဲ့သည့် လအနည်းငယ်က ရဲဖမ်းခြင်း အကြိမ်ကြိမ် ခံခဲ့ရပြီးဖြစ်သည်။ သို့ရာတွင် ထိုသူအများစုမှာ သူတို့၏ အလုပ်ရှင် စားသောက်ဆိုင်ပိုင်ရှင်က ဒဏ်ငွေဆောင်ပေး၍ ပြန်လွတ်လာကြပြီး နောက်နေ့တွင်ပင် အလုပ်ပြန်ဆင်းနေကြပြီဖြစ်သည်။

“အခုချိန်မှာ ထိုင်းအလုပ်ရှင်တွေက ဘယ်သူ့ကိုမဆို တရားဝင်ဖြစ်ဖြစ် မဖြစ်ဖြစ် အလုပ်ခေါ်မှာပဲ သူတို့ဆီမှာ အလုပ်သမားဝန်ထမ်းတွေ မရှိတော့ဘူးလေ သူတို့ အလုပ်သမားတအားလိုနေပြီ” ဟု စည်သူက ဆိုသည်။

နိုင်ငံတကာအလုပ်သမားအဖွဲ့ကြီး၏ စာရင်းအရ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ထိုင်းအာဏာပိုင်များက ကိုဗစ်ကပ်ကာလအတွင်း ပုံမှန်အလုပ်သမားများကို စာရင်းပြု ရှာဖွေခဲ့ရာ ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော လုပ်သားပေါင်း ၂.၃ သန်းရှိကာ အများစုမှာ မြန်မာများဖြစ်သည်။

သို့ရာတွင် လေ့လာသူများကမူ ထိုင်းနိုင်ငံ၏ စီးပွားရေးကို အရှိန်မပျက်လည်ပတ်စေသော မှောင်ခိုလုပ်သားထုကြီးရှိနေသည့်အတွက်ကြောင့်တရားမဝင် လုပ်သားအရေအတွက်မှာ ပို၍များပြားနိုင်ချေ ရှိသည်ဟု ဆိုကြသည်။

“စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လုပ်နေကြတဲ့ လုပ်သားတွေအကုန်နီးပါးက အထောက်အထားမဲ့တွေပဲ”ဟု ထိုင်းနိုင်ငံ၏ ကုန်သွယ်စက်မှု ကွန်ဖက်ဒရေးရှင်း၏ ဒုတိယ ဥက္ကဋ္ဌ တနတ်ဆိုရက် က အယ်ဂျားဇီးရား သို့ပြောသည်။ အဲဒီ စိုက်ပျိုးရေးကဏ္ဍ တစ်ခုတည်းမှာပင် လုပ်သား ၇ သိန်းကမှ တစ်သန်းဝန်းကျင်ခန့် ရှိနိုင်ကြောင်း ဟုသူကဆိုသည်။

ထိုင်း၏ အနောက်ဖက် နယ်စပ်ရှိ ကမ်ချနာ့ပူရီ ဒေသ သစ်တောများ၊ ကွင်းပြင်များကို ဖြတ်၍လည်းကောင်း၊ ထားဝယ်ရှိ ဆိပ်ကမ်းများက တဆင့်လည်းကောင်း၊ ပရာချွတ်ကီရီခန် ဒေသ တောင်ပိုင်းရှိ တောင်တန်းများကို ဖြတ်လျှောက်၍လည်းကောင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားများစွာကိုနေ့စဉ်ဖမ်းမိနေသည်။

လေ့လာသူများကမူ ရုပ်သံလိုင်းများတွင်ပြနေသော မြန်မာနိုင်ငံသားများစွာကို ထိုင်းဒေသရဲများ ဖမ်းမိသည့် သတင်းများက တနည်းအားဖြင့် မြန်မာနိုင်ငံတွင်း ကိုဗစ်ကြောင့်ဖြစ်သော စီးပွားပျက်မှုများနှင့် ပြီးခဲ့သော ဖေဖော်ဝါရီလက ဖြစ်ခဲ့သော အာဏာသိမ်းမှုများကြောင့် မြန်မာပြည်ကို အမြောက်အများ စွန့်ခွာထွက်မှုများစွာဖြစ်နေကြောင်းကို ဖုံးကွယ်ထားသည်ဟု ဆိုသည်။

“လမ်းတွေပေါ်မှာကြည့်လိုက်ရင် နေ့တိုင်းပဲ လူထောင်ချီ ထွက်လာနေတာ”ဟု အလုပ်သမားကာကွယ်ရေး ကွန်ရက်၏ ကိုယ်စားလှယ် ဦးမြင့်ထွန်းက အယ်ဂျားဇီးရားကို ပြောသည်။

“မြန်မာပြည်မှာ အာဏာသိမ်းပြီး ကတည်းက အခြေအနေက တော်တော်ဆိုးတယ်။ လူတွေက ဒီ (ထိုင်း)ကို မဖြစ်မနေထွက်လာခဲ့ရတာ။ ထိုင်းမှာက အခြေအနေဆိုးတဲ့ အလုပ်မျိုးရခဲ့ရင်တောင် သူတို့ မငတ်နိုင်ဘူးဆိုတာ သူတို့သိတယ်လေ။ မြန်မာပြည်မှာ မငတ်နိုင်ဘူးဆိုတာ မမှန်တော့ဘူး” ဟုသူကဆိုသည်။

ယမန်နှစ် ၂၀၂၀ အတွင်း စီးပွားရေးကျဆင်းမှု ၆.၂ ရာခိုင်နှုန်း ကြုံခဲ့ရပြီးနောက် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် ၁.၂ ရာခိုင်နှုန်း တိုးတက်ရန် ခန့်မှန်းထားသည်ဟု အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးကောင်စီ ရုံး၏ အချက်အလက် ကိန်းဂဏန်းများအရသိရသည်။

အိမ်ထောင်စုများ၏ ကြွေးမြီများ မြင့်တက်နေပြီး အလုပ်ရရှိမှုနှုန်းမှာလည်း အမြင့်ဆုံးရောက်နေသည်။ အစိုးရကလည်း စီးပွားရေး ပြန်လည် အားကောင်း ရှင်သန်လာစေရန် စံချိန်တင် ဒေါ်လာ ၄၅ ဘီလျံ ထုတ်ချေးထားသည်။ သို့ရာတွင် ယခုနှစ်အတွင်း စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) တဟုန်ထိုးပြန်လည် မြင့်တက်လာရန် ထိုင်းနိုင်ငံသည် နိုင်ငံရပ်ခြားမှ လုပ်သားများ ပြန်လာရန် လိုအပ်နေသည်။

ထိုင်းနိုင်ငံ၏ လျင်မြန်စွာ အသက်ရလာ၍ အိုမင်းလာနေသောလူ့အသိုင်းအဝန်းကလည်း နိုင်ငံသားအလုပ်သမားများ ကျဆင်းလာနေစေသည်။ တချိန်တည်းတွင်ပင် လုပ်အားခအနိမ့်ဆုံး ပေးရသော အလုပ်များမှာ ရွှေ့ပြောင်းလုပ်သားအများစု ဝင်ရောက်လုပ်ကိုင်နေကြကာ ယခုအခါထိုင်းနိုင်ငံသား အနည်းစုသာ ထိုအလုပ်တွင် ရှိသည်။

စားပွဲအောက်က ပေးချေမှုများ

အလုပ်သမားဝန်ကြီး စုချာ့ထ်ချုံကလင်က အလုပ်သမားများကို ထိုင်း၏တရားဝင်နယ်စပ်များမှ တစ်ဆင့် စီစဉ်တကျ ပြန်ခေါ်ရန် ခွင့်ပြုထားသည်။

“ဒီလိုမှပဲ ထိုင်းရဲ့ စီးပွားရေးကို မောင်းနှင်ဖို့ အလုပ်ရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေက လုံလောက်တဲ့ လုပ်သားတွေရမှာ တဖက်မှာလည်း တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာမှု ပြဿနာကို ဖြေရှင်း အဆုံးသတ်ပြီးသားဖြစ်တာပေါ့”ဟု သူကဆိုသည်။

ယခုလကုန်မှစ၍ အထက်ပါအစီအစဉ်အရ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်သားခေါ်ယူမှုကို စည်းကမ်းချက်များစွာဖြင့် တရားဝင်ခွင့်ပြုမည်ဖြစ်သည်။ လုပ်ငန်းရှင်များအနေဖြင့် လုပ်သားခေါ်ယူရာတွင် ကိုဗစ် စစ်ဆေးမှုများ၊ လုပ်သားများ၏ ကာကွယ်ဆေး ထိုးထားခြင်းရှိမရှိအပေါ်မူတည်၍ နှစ်ပတ်အထိကြာ ကျူဝင်စေခြင်း၊ လုပ်သားများအတွက် အာမခံနှင့် ဗီဇာကိစ္စများအတွက် တာဝန်ယူရမှုများရှိမည်ဖြစ်သည်။

သို့ရာတွင် အထက်ပါစည်းကမ်းချက်များအတွက် လုပ်ငန်းရှင်များအနေဖြင့် လုပ်သားတစ်ဦးအတွက် ၆၆၀ ဒေါ်လာအထိကုန်ကျနိုင်ချေရှိနေကာ ထိုလုပ်ထုံးလုပ်နည်းများမှာ အသေးစားစီးပွားရေးလုပ်ငန်းများအတွက် လိုက်နာရန် မလွယ်လှပေ။

“ဒီစည်းကမ်းချက်တွေက ငွေသုံးနိုင်တဲ့ လုပ်ငန်းကြီးတွေအတွက်ပဲ အဆင်ပြေမယ်” ဟု ထိုင်းနိုင်ငံ၏ ကုန်သွယ်စက်မှု ကွန်ဖက်ဒရေးရှင်း၏ ဒုတိယ ဥက္ကဋ္ဌ တနတ်ဆိုရက် က အယ်ဂျားဇီးရားကို ပြောသည်။

တချိန်တည်းတွင်ပင် ထိုင်းနိုင်ငံအတွက် လုပ်သားအရင်းအမြစ်အများဆုံးဖြစ်သော မြန်မာနိုင်ငံသည် နိုင်ငံကူးလက်မှတ်များ၊ ခရီးသွားလာမှုအထောက်အထားများထုတ်ပေးရန်အတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့် ရုံးလုံခြုံရေး ပြဿနာများ ကြုံရနိုင်ချေရှိနေသည်။

ဖေဖော်ဝါရီလအတွင်းက အာဏာသိမ်းယူခဲ့သည့် မြန်မာ စစ်ကောင်စီမှာ နိုင်ငံတဝန်း တော်လှန်ထကြွမှုများနှင့် ရင်ဆိုင်နေရသည်။

အထူးသဖြင့် ထိုင်းတွင် အလုပ်သွားလုပ်ကြမည့်သူများရှိရာ၊ တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားရာ နယ်စပ်များတွင်လည်း စစ်ကောင်စီအနေနှင့် တော်လှန်မှုများကြုံနေရသည်။

“စစ်ကောင်စီက ဒီနယ်စပ်က ထိုင်းကိုအလုပ်သွားလုပ်မယ့်သူတွေနဲ့ သူတို့ကို တော်လှန်နေသူတွေ အဆက်အသွယ်ရှိနေတယ်လို့ထင်နေနိုင်တယ်။ ဒီတော့ ဒီလူတွေအတွက် (လိုအပ်တဲ့ စာရွက်စာတမ်း၊ အထောက်အထား) လုပ်ပေးမလားဆိုတာက သူတို့ (စစ်ကောင်စီ)အပေါ်မူတည်တာပဲ” ဟု တနတ်က ဆိုသည်။

စာရွက်စာတမ်း အထောက်အထားလေး ထုတ်ပေးဖို့ကိုပင် အစိုးရများက အချေအတင်ဖြစ်နေကြချိန်တွင် Facebook စာမျက်နှာများပေါ်ရှိ အလုပ်ခေါ်စာပေါင်းများစွာက ထိုင်းအလုပ်သမားဈေးကွက်တွင် အလုပ်သမား လိုအပ်ချက်မည်မျှ ရှိနေသည်ကို ပြဆိုနေသည်။

စထရော်ဘယ်ရီခြံတွင် အလုပ်လုပ်ရန်၊ တရက်ဘတ် ၁၂၀၀။ ထိုင်း၊ မြန်မာ၊ လာအို နိုင်ငံသားအားလုံး လက်ခံသည်။ ရိုးသား၍ကြိုးစားသူ ခြံလုပ်သားများအလိုရှိ (မှတ်ပုံတင်စာရင်းမသွင်းရသေးလျှင် ကျွန်ုပ်တို့ကူညီပါမည်) အစရှိသော ကြော်ငြာများ လူမှုကွန်ရက်တွင်တွေ့ရသည်။

ထိုင်းနိုင်ငံ၏ အလုပ်သမားပွဲစားများသည်လည်း စီးပွားရေးလုပ်ငန်းများအကြားပြန်လည် ရောက်ရှိ နေပြီးဖြစ်ကာ မြန်မာရွှေ့ပြောင်းအလုပ်သမား အုပ်စုများအတွင်း အလုပ်ခေါ်ကြော်ငြာများ ထုတ်ရန် အလုပ်များလျက်ရှိကြသည်။

စက်ရုံတစ်ခုတွင် အလုပ်လုပ်ရန် မြန်မာအမျိုးသားလုပ်သားများစွာကို ရှာဖွေနေပါသည်ဟု နိုဝင်ဘာလ ၂၀ ရက်က တင်ထားသော အလုပ်ခေါ်စာပို့စ်တစ်ခု၌ ဖော်ပြထားသလို “နိုင်ငံကူးလက်မှတ်ရှိရင် လုံလောက်ပြီ”ဟူလည်းဆိုသည်။

အခြားသော ပို့စ်တစ်ခုမှာ ဝက်သားကင်ဆိုင်တွင် အလုပ်လုပ်ရန် မြန်မာ လုပ်သား ၃ ယောက်အလိုရှိ (အနေအစား စရိတ်ငြိမ်း) ဟူဖော်ပြထားကာ စာရွက်စာတမ်း အထောက်အထား မရှိလည်း လက်ခံပါသည်ဟု ဆိုထားသည်။

လုပ်သားလိုအပ်ချက်ကြီးမားသည့် အခြေအနေမျိုးတွင် တဖက်တွင် များစွာသော လုပ်သားများ တရားမဝင် ဝင်ရောက်မှုအတွက်အဖမ်းခံနေသည်။ သို့သော် ထိုအဖမ်းခံရသော လုပ်သားတိုင်း မိခင်နိုင်ငံသို့ပြန်အပို့ခံရသည်တော့ မဟုတ်။ ထိုအစား ယင်းတို့ကို ခေါ်ယူလာသော ပွဲစားများက ဆိုင်ရာ အာဏာပိုင်များနှင့် စားပွဲအောက်ကပေးချေမှုများ (လာဘ်ထိုးခြင်း) လုပ်ကာ အဖမ်းခံရသော လုပ်သားများကို တစ်ဖက်လှည့်ဖြင့် အလုပ်လိုနေသော နေရာများသို့ ပို့ဆောင်လိုက်သည်ဟု စမော့စခွန် ဆိပ်ကမ်းတဝိုက် လှုပ်ရှားသော ပွဲစားတစ်ယောက်က ဆိုသည်။

ထိုင်းကုမ္ပဏီများက အလုပ်သမား ပွဲစားများကို ဆောက်လုပ်ရေးလုပ်သား တစ်ဦးအတွက် ဒေါ်လာ ၁၀၀ ခန့်ပေးရပြီး စက်ရုံ ဝန်ထမ်းများအတွက်မူ ၁၅ ဒေါ်လာမှ ဒေါ်လာ ၂၀ အထိ ယင်းတို့ဆီသို့ (ထိုင်းနိုင်ငံအတွင်းသို့) ခေါ်လာခပေးရသည်။

“ကျုပ်ဆီကိုနေ့တိုင်း လုပ်သား ၃၀၀ ကနေ ၅၀၀ လောက်အထိလိုနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေက ဖုန်းတွေဆက်နေတာ။ အထောက်အထားမဲ့လည်း သူတို့က လက်ခံမယ်ပြောတယ်၊ သူတို့မှာ ရွေးစရာမှ မရှိတာ”ဟု အမည်မဖော်လိုသော ပွဲစားတစ်ဦးက ဆိုသည်။