သထုံ NLD လွှတ်တော်ကိုယ်စားလှယ်ကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ချမှတ်

0
176

မွန်ပြည်နယ် သထုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို စစ်ကောင်စီတရားရုံးက အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် သထုံ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို နိုဝင်ဘာ ၃၀ ရက်နေ့က သထုံ ဇင်မသွယ် အကျဉ်းထောင်ရှိ စစ်ကောင်စီ အထူးတရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“မနေ့ (နိုဝင်ဘာ ၃၀ ရက်နေ့) က အမိန့်ချလိုက်တယ်၊ အလုပ်နဲ့ ထောင်ဒဏ်တစ်နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်”ဟု NLD နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သထုံမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ဝန်ထမ်းများအား အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်ရန် လှုံ့ဆော်မှုနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့ကို ဦးဆောင်ပါဝင်ခဲ့ခြင်းတို့ကြောင့် အာဏာသိမ်းစစ်ကောင်စီတို့က ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးထားခဲ့သည်။

ဒေါ်မာမာခိုင်၏ခင်ပွန်းဖြစ်သူ ဦးဉာဏ်ထွန်းကိုလည်း အာဏာသိမ်းစစ်ကောင်စီတို့က ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်အရေးယူခဲ့သေးသည်။

သို့သော် ဦးဉာဏ်ထွန်းကို အာဏာသိမ်းစစ်ကောင်စီတို့က အမှုပိတ်သိမ်းပြီး အောက်တိုဘာလက ပြန်လွှတ်ပေးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းက NLD လွှတ်တော်ကိုယ်စားလှယ်အချို့တို့ကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

အမှုဖွင့်ခံရသူများအနက် ဝန်းကြီးချုပ်ဟောင်း ဒေါက်တာအေးဇံနှင့် ဒေါ်မာမာခိုင်တို့ နှစ်ဦး ဖမ်းဆီးခံခဲ့ရပြီး အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

လက်ရှိတွင် ဒေါ်မာမာခိုင်ကို ပြစ်ဒဏ်ချမှတ်လိုက်ပြီး၊ ဝန်းကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကတော့ ပုဒ်မ ၅၀၅(က)အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့်လည်း အမှုရင်ဆိုင်နေရဆဲဖြစ်သည်။