ကိုဗစ်မျိုးသစ် အိုမိုက်ခရွန်၏ လက္ခဏာများ

0
286

|The Independent ပါ ဆောင်းပါးကို ဘာသာပြန်ဆိုထားသည်|

ဒယ်လ်ထာဗိုင်းရပ်စ်နှင့်လုံးဝမတူသည့်ဗိုင်းရပ်စ်မျိုးကွဲအသစ်အကြောင်းဆရာဝန်များပြောပြသည့်သတိပြုရန်အချက်များလူနာများမှာမပြင်းထန်သောကြွက်သားနာကျင်ကိုက်ခဲမှု၊လည်ချောင်းယားခြင်းနှင့်ချောင်းခြောက်ဆိုးခြင်းကိုအများဆုံးခံစားရသည်။

ဗိုင်းရပ်စ်မျိုးကွဲအသစ်နှင့်ပတ်သက်၍စိုးရိမ်မှုများမြင့်တက်နေသည့်အချိန်တွင်ဗိုင်းရပ်စ်အသစ်တစ်မျိုးထွက်ပေါ်လာနေကြောင်းကိုပထမဆုံးသံသယရှိခဲ့သူများအနက်တစ်ဦးဖြစ်သူတောင်အာဖရိကမှဆရာဝန်တစ်ဦးကအိုမိုက်ခရွန်မှာမပြင်းထန်ဟုအခိုင်အမာပြောဆိုသည်။

သူမ၏ဆေးခန်းရှိလူနာ၇ဦးမှာဒယ်လ်ထာမျိုးကွဲနှင့်မတူထူးခြားသည့်ရောဂါလက္ခဏာမျိုးတွေ့ခဲ့ရသည်ဟုတောင်အာဖရိကဆေးပညာအသင်း၏ဥက္ကဋ္ဌဖြစ်သူဒေါက်တာအိန်ဂျယ်လင့်ကဆိုသည်။

“တော်တော်တော့နွမ်းနေပုံရလို့ဒီ(ဆေးခန်း)ကိုရောက်လာတာ”ဟုသူက ဆိုသည်။

လူနာများမှာမပြင်းထန်သည့်ကြွက်သားနာကျင်ကိုက်ခဲမှုမျိုးခံစားရသလိုလည်ချောင်းယားခြင်းနှင့်ချောင်းခြောက်ဆိုးခြင်းလည်းရှိသည်ဟုလည်းသူမကထပ်လောင်းပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ၁၈ရက်ကလူနာ၇ဦး၌မတူခြားနားသည့်ရောဂါလက္ခဏာများပြလာသောအခါထိုလက္ခဏာများသည်ဒယ်လ်ထာကူးစက်ခံရသူများ၏ဆေးမှတ်တမ်းနှင့်မကိုက်ကြောင်းကျန်းမာရေးဝန်ထမ်းများကိုသူမကသတိပေးခဲ့သည်ဟုဆိုသည်။

“ဒီအခြေအနေမှာတော့ရောဂါလက္ခဏာတွေကပုံမှန်ဗိုင်းရပ်စ်အကူးခံရတာနဲ့အများကြီးဆက်စပ်နေတယ်။ပြီးတော့ဘာလို့ဆိုကျွန်မတို့ကိုဗစ်ကိုမတွေ့ရတာပြီးခဲ့တဲ့၁၀ပတ်လောက်ရှိပြီ၊ဒါနဲ့ကျွန်မတို့စစ်ဖို့ဆုံးဖြတ်လိုက်တာ”ဟုသူမကရိုက်တာသတင်းဌာနကိုပြောခဲ့သည်။

ကျွန်မတို့တတိယလှိုင်းတုန်းကဒယ်လ်ထာလူနာတွေအများကြီးတွေ့ခဲ့ရတယ်။အခုလူနာတွေရဲ့ရောဂါလက္ခဏာကအရင်ဒယ်လ်ထာဖြစ်သူတွေရဲ့ဆေးမှတ်တမ်းထဲကနဲ့မတူဘူး။အခုကသူတို့အများစုမှာကတွေ့ရတာတော်တော်လေးမပြင်းထန်တဲ့ရောဂါလက္ခဏာမျိုးတွေ့ရပြီးတော့သူတို့တစ်ယောက်မှကိုဆေးရုံကြပ်မတ်ဆောင်ကိုမပို့ရသေးဘူးဟုဆိုသည်။သူမကထိုလူနာများသည်အိမ်တွင်ပင်သမားရိုးကျကုသမှုခံယူနိုင်ခဲ့ကြောင်းထောက်ပြပြောဆိုခဲ့သည်။

ဒေါက်တာအိန်ဂျယ်လင့်၏ပြောကြားချက်အရဆိုလျှင်မျိုးကွဲအသစ်သည်အသက်၄၀နှင့်အောက်အရွယ်များကိုကူးစက်နေပြီးသူမကုသမှုပေးခဲ့သည့်အိုမိုက်ခရွန်ရောဂါလက္ခဏာရှိသည့်လူနာများ၏ငါးဆယ်ရာခိုင်နှုန်းမှာကိုဗစ်ကာကွယ်ဆေးထိုးမထားသူများဖြစ်သည်ဟုဆိုသည်။

စနေနေ့တွင်ဗြိတိန်နိုင်ငံတွင်အိုမိုက်ခရွန်မျိုးကွဲကိုဗစ်ကူးစက်ခံရသူနှစ်ဦးရှိသည်ဟုကြေညာချက်ထွက်ခဲ့ပြီးနောက်တနင်္ဂနွေနေ့တွင်မူအကူးခံရသူသုံးဦးအထိမြင့်တက်လာခဲ့ကာထိုသူများအားလုံးမှာတောင်အာဖရိကသို့ခရီးသွားခဲ့ခြင်းနှင့်ဆက်စပ်နေသည်။တနင်္လာနေ့တွင်မူအိုမိုက်ခရွန်ကူးခံရသူအပါအဝင်လူနာသစ်ခြောက်ဦးစကော့တလန်တွင်စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက်တနင်္လာနေ့တွင်မူကိုးဦးအထိတိုးလာသည်ဟုကျန်းမာရေးအတွင်းဝန်ယူဆက်ဖ်ကအတည်ပြုထားသည်။

ဗြိတိန်တွင်စုစုပေါင်းလူနာ၁၄ ဦးရှိနေပြီးနော့တင်ဂမ်၊အက်ဆက်နှင့်ဝက်မင်စတာတို့ကဖြစ်သည်ဟုဆိုထားသည်။

တနင်္ဂနွေနေ့ကမူအင်္ဂလန်တွင်ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲအသစ်ကူးခံရသူနှစ်ယောက်တွေ့ရှိရပြီးနောက်ဗြိတိန်ကမလိုအပ်ဘဲနဲ့ကြောက်လန့်နေသည်ဟုဘီဘီစီကိုသူမကဆိုသည်။သူမတွေ့ရှိခဲ့ရသောလူနာများသည်မပြင်းထန်သောရောဂါလက္ခဏာမျိုးသာတွေ့ရသည့်အတွက်လွန်စွာစိုးရိမ်ထိတ်လန့်နေစရာမလိုကြောင်းသူမကဆိုလိုခြင်းဖြစ်ကာလူနာများ၏အခြေအနေကိုဆက်လက်စောင့်ကြည့်ရဦးမည်၍နောက်နှစ်ပတ်ခန့်အကြာတွင်ဗိုင်းရပ်စ်အသစ်၏ရောဂါလက္ခဏာအကြောင်းပိုပြောနိုင်မည်ဟုဆိုထားသည်။

သူမ၏မှတ်ချက်ချပြောဆိုမှုများနောက်တော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်းမျိုးကွဲအသစ်ကိုစိုးရိမ်ဖွယ်မျိုးကွဲဟုသတ်မှတ်ခေါ်တွင်ခဲ့ကာသတိပြုကြရန်တိုက်တွန်းခဲ့သည်။

တနင်္ဂနွေကထုတ်ပြန်သောကမ္ဘာကျန်းမာရေးအဖွဲ့ကြီး၏ထုတ်ပြန်ချက်တွင်မူကနဦးအစီရင်ခံစာအရကူးစက်ခံရသူတက္ကသိုလ်ကျောင်းသူ/သားများအကြားတွင်ငယ်ရွယ်သူများကပို၍မပြင်းထန်သောရောဂါမျိုးခံစားရချေရှိကြောင်းနှင့်အိုမိုက်ခရွန်ကိုဗစ်မျိုးကွဲ၏ရောဂါပြင်းထန်မှုအဆင့်များမှာနေ့ရက်များ၊ရက်သတ္တပတ်အတော်များများအထိအချိန်ယူလိမ့်မည်ကိုနားလည်ပါကြောင်းပြောထားသည်။

လတ်တလောတွင်မူအိုမိုက်ခရွန်ဆက်စပ်သောရောဂါလက္ခဏာများနှင့်အခြားသောကိုဗစ်မျိုးကွဲများ၏ရောဂါလက္ခဏာများကွာခြားမှုကိုညွှန်းဆိုအကြံပြုနိုင်ရန်သတင်းအချက်အလက်များမရှိသေးဟူ၍လည်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကထပ်လောင်းပြောဆိုထားသည်။

B.1.1.529 မျိုးကွဲဗိုင်းရပ်စ်ကိုတောင်အာဖရိက၏အမျိုးသားအဆင့်ကူးစက်ရောဂါများဌာနကပြီးခဲ့သောနိုဝင်ဘာလ၂၅ရက်တွင်စတင်တွေ့ရှိရကြောင်းကြေညာထားခဲ့သည်။

ဗိုင်းရပ်စ်မျိုးကွဲအသစ်ပေါ်ထွက်လာပြီးနောက်အမေရိကန်ပြည်ထောင်စု၊ဩစတေးလျ၊ဥရောပနှင့်အာရှနိုင်ငံများတွင်နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုများကိုတင်းကျပ်လိုက်ပြီးတောင်အာဖရိကမှလေကြောင်းခရီးသွားလာရေးကိုလည်းပိတ်ပင်လိုက်သည်။အင်္ဂလန်တွင်မူဗိုင်းရပ်စ်ပျံ့နှံ့နေမှုကိုလျှော့ချရန်အများပြည်သူသုံးယာဉ်များစီးနင်းစဉ်နှင့်ဈေးဆိုင်များတွင်မျက်နှာဖုံးနှာခေါင်းပိတ်မဖြစ်မနေတပ်ဆင်ရန်ပြန်လည်သတ်မှတ်ခဲ့သည်။

Ref: https://www.independent.co.uk/news/world/africa/omicron-variant-symptoms-covid-what-new-b1966751.html