ကာကွယ်ဆေး အမျိုးသားရေး ဝါဒ

0
204

ဗြိတိန်နှင့် ချမ်းသာသော ဥရောပနိုင်ငံများသည် ပျာယာခတ်နေကြသည်။ အံ့ဩစရာတော့ မဟုတ်။ ချမ်းသာသောနိုင်ငံများတွင် ယင်းတို့၏ပြည်သူများအတွက်ဟု ကာကွယ်ဆေးများ သိမ်းဆည်းထားခြင်း၏ ( တနည်းဆိုရလျှင် ကိုဗစ်ကာကွယ်ဆေး မရသေးသော နိုင်ငံများသို့ ထိုဆေးများအချိန်မီပံ့ပိုးမှုမရှိခြင်းကြောင့်) အကျိုးဆက်အဖြစ် အန္တရာယ်ရှိသော ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲ အိုမိုက်ခရွန်ပေါ်ထွက်လာခဲ့သည်။

ဖွံ့ဖြိုးမှုနိမ့်ကျ၍ ငွေကြေးမတတ်နိုင်ခြင်းကြောင့် ကိုဗစ်ကာကွယ်ဆေး လုံလောက်စွာမရသော နိုင်ငံများသည် အန္တရာယ်ရှိသော ကိုဗစ် ဗိုင်းရပ်စ်မျိုးကွဲ များစွာ ထွက်ပေါ်လာနိုင်သည့် နေရာများဖြစ်နေသည်။ ကာကွယ်ဆေးမလုံလောက်၍ ကိုဗစ်ဒဏ်ကို ဆိုးရွားစွာ ခံနေရရှာသော နိုင်ငံမျိုး ယခုအခါ အာဖရိကတောင်ပိုင်းနိုင်ငံများသို့ ခရီးသွားလာခြင်းကို ချမ်းသာသော နိုင်ငံကြီးအချို့က တားမြစ်လိုက်ကြပြီဖြစ်သည်။

အိုမိုက်ခရွန် ကိုဗစ်မျိုးကွဲကို တောင်အာဖရိကတစ်နေရာတည်းတွင်မက ကိုဗစ်ကာကွယ်ဆေးများ အလျှံအပယ်ရှိသော ဗြိတိန်နိုင်ငံအပါအဝင် ဥရောပနှင့် အာရှတွင်တွေ့ရှိရပြီဖြစ်သော်လည်း ဖွံ့ဖြိုးမှုနိမ့်၍ ကိုဗစ်ကာကွယ် တိုက်ဖျက်ရေးအတွက် လုံလောက်သော ဆေးဝါး ကိရိယာများ မရှိသော အာဖရိကတောင်ပိုင်းနိုင်ငံအချို့ကသာ အပြစ်တင်ခံနေရသည်။

ထိုတောင်အာဖရိကသို့ ခရီးသွားလာမှုကို ကမ္ဘာတဝန်းက ဝိုင်းပိတ်ကြသည်။ ချမ်းသာကြွယ်ဝသော နိုင်ငံများက ကိုဗစ်ကို ကိုင်တွယ်သည်မှာ ထိုပုံစံအတိုင်းပင်ဖြစ်သည်။ တကယ်တော့ ယခုလို အိုမိုင်ခရွန် ပေါ်လာသည်မှာ ချမ်းသာသော နိုင်ငံကြီးများ၏ ပယောဂ များစွာပါနေသည်။

ကမ္ဘာ့နိုင်ငံများ ကိုဗစ်ကို စုပေါင်း၍ ကာကွယ်တိုက်ဖျက်ဖို့ လုပ်ဆောင်သည့် အဆင့်တိုင်းတွင်ပင် အဆင်မချော။ အနောက်နိုင်ငံအများစုက ကိုဗစ်ကာကွယ်ဆေးများစွာကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့ လှူဒါန်းဖို့၊ အချိန်မီမျှဝေပေးဖို့ထက် ယင်းတို့နိုင်ငံအတွင်း၌သာ သိုလှောင်ထားခဲ့ကြပြီး ဆေးတချို့မှာ စွန့်ပစ်လိုက်ရသည်ပင်ရှိသည်။ ဗြိတိန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့သည် တောင်အာဖရိက နှင့် အိန္ဒိယတို့က မျှဝေပေးရန် အဆိုပြုထားသည့် ကာကွယ်ဆေးထုတ်သည့်နည်းပညာအပါအဝင် နည်းပညာအချို့၏ ဉာဏမူပိုင်ခွင့်ကို ဆိုင်းငံ့ထားရန် တောင်းဆိုမှုကို ပိတ်ပင်ထားသည်မှာ တစ်နှစ်ကျော်ကြာလာပြီဖြစ်သည်။

ထို့အတွက် ကြွယ်ဝသော နိုင်ငံများ၏ ကိုဗစ်ကကွယ်ဆေးထုတ်လုပ်မှုနည်းပညာများသည် ဉာဏမူပိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းများကြောင့် ဖွံ့ဖြိုးမှု နည်းသော နိုင်ငံများသို့ မျှဝေနိုင်ခြင်းမရှိ။ အကျိုးဆက်ကား ကိုဗစ်ကာကွယ်ဆေးကို ဆင်းရဲသော နိုင်ငံများက လုံလောက်စွာ လက်လှမ်းမီနိုင်သည့် ဈေးနှုန်း အနေအထား သို့ မရောက်နိုင်ဘဲဖြစ်နေသည်။ ကမ္ဘာ့နိုင်ငံအများစုက ကိုဗစ်ကာကွယ်ဆေးကို လိုအပ်သလောက် လုံလောက်စွာထုတ်၍ အချိန်မီ ဖြန့်ဖြူးခြင်းဖြင့် ကမ္ဘာ့ကပ်ရောဂါကို အဆုံးသတ်ရန်အလွန်အရေးကြီးသည် ကို လက်ခံအသိအမှတ်ပြုကြသော်လည်း ဗြိတိန်ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင်လို ခေါင်းဆောင်မျိုးက ဆေးဝါးထုတ်လုပ်မှုဆိုင်ရာကိစ္စမျိုးကို လက်ဝါးကြီးအုပ်ထားနိုင်ဖို့ ပိုအရေးကြီးသည့်သဘောမျိုး ပြောနေသည်။

တကယ်တော့ အာဖရိကပြည်သူများ၏ ၇ ရာခိုင်နှုန်းလောက်သာ ကာကွယ်ဆေး အပြည့်ရထားပြီး မကြာသေးမီက အချက်အလက်များအရ အာဖရိက၏ ကျန်းမာရေးလုပ်သား လေးဦးတွင် တစ်ဦးသာ ကာကွယ်ဆေး အပြည့်ရထားသည်ဟုဆိုသည်။ သည်လိုအခြေအနေဖြစ်နေခြင်းသည် လူသားချင်းထားရှိအပ်သော ကျင့်ဝတ်များအရမကောင်းသည့်သဘောဆောင်နေရုံမျှမက အန္တရာယ်လည်းရှိနေသည်။ ယင်းအနေအထားသည် ဗိုင်းရပ်စ်မျိုးကွဲ အသစ်များစွာကို မွေးထုတ်ပေးနိုင်သည့် အနေအထားမျိုးလည်းဖြစ်နေခြင်းကြောင့်ပင်ဖြစ်သည်။

အချိန်ကိုက်ဖြစ်မှု (Timing) မှာဤ ကပ်ရောဂါအတွက် အရေးကြီးလှသည်။ ကိုဗစ်ဗိုင်းရပ်စ်၏ အန္တရယ်ကြီးစွာ မျိုးပြောင်းများပြားလာမှုကိုရပ်တံ့ပစ်ရန် ကမ္ဘာ့နေရာတိုင်းတွင် ကိုဗစ်ကူးစက်မှုကို တားဆီးရန် အလွန်အရေးကြီးသည်ဟု အောက်စဖိုဒ့်တက္ကသိုလ်၏ ပါမောက္ခ ဆဲရာသတိပေးခဲ့ဖူးသည်။

အာဖရိကတွင် နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်နေခဲ့သလို ကိုဗစ်ကပ်ရောဂါကြီးဖြစ်လာသော အခါ အခြေအနေများက ပို၍ ရှုပ်ထွေးသွားသည်။ နိုင်ငံအများစုသည် ကပ်ကြီးမတိုင်မီကပင် ကျန်းမာရေးစောင့်ရှောက်မှု စနစ်များက အားမကောင်းခဲ့။ ကိုဗစ်ပေါ်လာသောအခါ ထိုနိုင်ငံများအတွက် မနိုင်မနင်းဖြစ်သွားသည်။

ဝရုန်းသုန်းကားအခြေအနေတွင် နိုင်ငံအချို့က အာဖရိကကို ကူကြသည်။ ဥပမာ ဘီတာ မျိုးကွဲ ပျံ့နေချိန်တွင် တောင်အာဖရိကသို့ အောက်စဖို့ဒ်ဖော်မြူလာထုတ် အာစထရာဇင်နစ်ကာ ရောက်လာခဲ့သော်လည်း ဖိုင်ဇာဆေးလောက် ထိရောက်မှုရှိမရှိဟုဆိုသည့် ဖိုင်ဇကာကွယ်ဆေး ဘုတ်အဖွဲ့ဝင်များ၏ မေးခွန်းထုတ်မှုများ၊ ဥရောပ သမဂ္ဂ ခေါင်းဆောင်များ၏ မီးလောင်ရာလေပင့် ဝေဖန်မှုများကြောင့်အာဖရိကတွင် ထိုအာစထရာဇင်နစ်ကာ အပေါ် ယုံကြည်မှုပျက်ခဲ့ကြသလို အာဖရိကနှင့် တောင်အာဖရိကနိုင်ငံတချို့တွင် ထိုဆေးအသုံးပြုမှုကို ဆိုင်းငံ့ခဲ့ကြသည်။ အိန္ဒိယက နိုင်ငံတွင်း ကိုဗစ် ကူးစက်မှုများကြောင့် ထိုဆေးမျိုးကို ပြည်ပသို့ တင်ပို့မှုကို ထိန်းချုပ်လိုက်ခြင်းကြောင့်လည်းပါသည်။

အာဖရိက သမဂ္ဂ အဖွဲ့က တောင်အာဖရိကရှိ ဆေးကုမ္ပဏီတစ်ခုမှ တစ်ဆင့် ဂျွန်ဆင်အန်ဂျွန်ဆင် (Johnson & Johnson) ကိုဗစ်ကာကွယ်ဆေး ကုမ္ပဏီနှင့် ချိတ်ဆက်မှုအသစ်ပြုလုပ်ကာ ကိုဗစ်ကာကွယ်ဆေးသန်းပေါင်း ၂၂၀ မှ ၄၀၀ အထိဝယ်ယူနိုင်ရေး ကတိပြုခဲ့ကြသော်လည်း ယခုအချိန်အထိထိုဆေးများ မပို့လာသေးပေ။ ပို၍ဆိုးသည်မှာ တောင်အာဖရိကတွင် ကိုဗစ်တတိယလှိုင်းကြောင့် ဆိုးဝါးသော အခြေအနေရင်ဆိုင်နေရချိန်တွင် ဂျွန်ဆင်အန်ဂျွန်ဆင် (Johnson & Johnson) ကိုဗစ်ကာကွယ်ဆေး ကုမ္ပဏီက တောင်ဖရိကတွင်ပင် အခြေစိုက်ထုတ်လုပ်သော ယင်းတို့၏ ဆေးဝါးသန်းပေါင်းများစွာကို ကာကွယ်ဆေး လွှမ်းခြုံမှုနှုန်းမြင့်သော ဥရောပနိုင်ငံများနှင့် မြောက်အမေရိက သို့တင်ပို့ခဲ့သည်။

ဩဂုတ်လအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် တောင်အာဖရိက အစိုးရ၊ ကိပ်တောင်းအခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ အာဖရီဂျင် တို့ပူးပေါင်း၍ mRNAနည်းပညာဖြင့် ကိုဗစ် ကာကွယ်ဆေးထုတ်ကာ ကမ္ဘာသို့မျှဝေမည့် ပထမဆုံး ကမ္ဘာ့ဆေးဝါးထုတ်လုပ်သည့် နေရာကို စတင်အကောင်အထည်ဖော်ခဲ့သည်။ သို့ရာတွင် မိုဒါနား (Moderna) နှင့် ဖိုင်ဇာ (Pfizer) ကိုဗစ်ကာကွယ်ဆေး ကုမ္ပဏီတို့က ယင်းတို့၏ မည်သည့်နည်းပညာကိုမဆို ထိုဆေးဝါးထုတ်လုပ်ရေးအတွက် မျှဝေရန် ငြင်းဆန်ခဲ့ကြသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကလည်း တောင်အာဖရိက ကဲ့သို့သော နိုင်ငံများတွင် ယင်းတို့ကိုယ်တိုင် ကာကွယ်ဆေးများ ထုတ်နိုင်အောင် ဉာဏမူပိုင်ခွင့်ဆိုင်ရာကင်းလွတ်ခွင့်ရရန် ကြိုးပမ်းခဲ့မှုကို အမေရိကန်က ထောက်ခံခဲ့သော်လည်း ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့ကမူ ငြင်းဆန်ခဲ့သည်။

ချမ်းသာသောနိုင်ငံအချို့၏ အကြောင်းပြချက်မှာ အကယ်၍ ဆေးဝါးထုတ်လုပ်သည့်နည်းပညာနှင့်ပတ်သက်သော ဉာဏမူပိုင်ခွင့်များကို အကာအကွယ်မပြုခဲ့ပါက ဆေးကုမ္ပဏီများအဖြင့် ကာကွယ်ဆေးအသစ်များ ထုတ်ရန် စိတ်ဆန္ဒ မက်လုံးများမရှိဖြစ်သွားလိမ့်မည်ဟူ၍ဖြစ်သည်။ ဆင်းရဲသော နိုင်ငံများသည် ဆေးဖော်နည်း ကို ကုန်ချောဖြစ်အောင် လုပ်ဆောင်ရန် နည်းပညာထုတ်လုပ်သော ကျွမ်းကျင်ပညာရှင်များမရှိဟုလည်း ယင်းတို့က ထောက်ပြသည်။

ဤသို့ဖြင့် ချမ်းသာသောနိုင်ငံများက ကိုဗစ်ကာကွယ် ကုသဆေးများ၏ နည်းပညာနှင့် ဆေးဝါးများ၊ ငွေကြေးဓန အလုံအလောက်ရှိနေကာ ထိုဆေးဝါးနည်းပညာများကို တကမ္ဘာလုံးအတွက် အခမဲ့ (သို့မဟုတ်) ဈေးချိုစွာဖြင့် (သို့မဟုတ်) လုံးဝ မမျှဝေလိုပေ။ တဖက်တွင်လည်း ဖွံ့ဖြိုးမှုနိမ့်သော ဆင်းရဲသော နိုင်ငံများသည် ကိုဗစ်ရောဂါနှင့် ကမောက်ကမ အခြေအနေမျိုးကြုံနေရကာ ကိုဗစ်ဆေးများကို အန်တုနိုင်ခြေရှိသော ကူးစက်မြန်၍ လူတိုင်းကို ကူးနိုင်သော ဗိုင်းရပ်စ်မျိုးကွဲသစ်များ ပေါ်လာစေနိုင်သည့် အခြေအနေမျိုးကို ကြုံနေရသည်။ ယခု တောင်အာဖရိကတွင် မျိုးပြောင်းမှုများသော အိုမိုက်ခရွန် ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲ ထွက်လာသောအခါတွင်လည်း ချမ်းသာသော နိုင်ငံအချို့က အာဖရိကကို ပိတ်ပင်ကြ အပြစ်တင်ကြသည်။ ထို့ကြောင့်ပင် လူအချို့က ချမ်းသာသောနိုင်ငံများသည် ကိုဗစ်နှင့်ပက်သက်၍ ကာကွယ်ဆေး အမျိုးသားရေးဝါဒ (သို့) ကာကွယ်ဆေးလူမျိုးရေးခွဲခြားမှု မျိုးရှိနေကြောင်း ဝေဖန်ထောက်ပြလာကြသည်။

နိုင်ငံတိုင်းရှိ အစိုးရများသည် ယင်းတို့၏ပြည်သူများအတွက် တာဝန်ယူ ရမည်မှန်သော်လည်း ကိုဗစ်ကဲ့သို့ ကူးစက်မြန် ဗိုင်းရပ်မျိုးသည် ဆင်းရဲ ချမ်းသာ အစိုးရမရွေး လူတန်းစားမရွေးကို နယ်နိမိတ်ဖြတ်ကျော် ဒုက္ခပေးနိုင်သည်သာဖြစ်သည်။ ဤရောဂါ၏ သဘောသဘာဝမှာပင် တိုင်းပြည်တစ်ခုတည်း၏ အစွမ်းနှင့်မရ၊ ဝိုင်းလုပ်မှရမည့် သဘောဖြစ်သည်။ တစ်စုံတစ်ယောက် ဘေးမကင်းသေးသမျှ အကုန်ဘေးမကင်းနိုင်ဟု ပညာရှင်အချို့က ဆိုကြသည်။ ဆိုလိုသည်မှာ ကိုဗစ်ကို တိုက်ထုတ်ရန် အားလုံး အချိန်ကိုက်လုပ်ဆောင်ရန်လိုသည်။ မဟုတ်လျှင် အိုမိုက်ခရွန် လိုနောက် ဗားရှင်း မျိုးကွဲ ကိုဗစ်ဗိုင်းရပ်တွေလာဦးမည်ဖြစ်ကာ တစ်ကမ္ဘာလုံးကို မွှေနိုင်ပြန်သည်။ လတ်တလောတွင်တော့ ချမ်းသာသည့်နိုင်ငံများ နှင့် ဆင်းရဲသော နိုင်ငံများအကြား စီးပွားရေးအရ တွက်ချေကိုက်မှုနှင့် လူ့ဘဝအသက်များဆုံးရှုံးနေရခြင်းကို ကယ်တင်ရန်ကြိုးပမ်းမှုများအကြား လွန်ဆွဲနေသည်ကို ပို၍ထင်းထင်းကြီးတွေ့လာရပေသည်။

Ref :https://www.aljazeera.com/opinions/2021/11/28/omicron-vaccine-nationalism-will-only-perpetuate-the-pandemichttps://www.theguardian.com/business/2021/nov/28/the-omicron-variant-reveals-the-true-global-danger-of-vaccine-apartheid?