မြိတ်တွင် ဘုရားဖူးအပြန် စက်လှေတိမ်းမှောက်

0
324

မြိတ်မြို့၊ ရေနံမြေရပ်ကွက် တောလှေဆိပ်တံတားအနီးတွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ဘုရားဖူးပြန်လာသည့် စက်လှေတစ်စီးတိမ်းမှောက်သဖြင့် ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါ စက်လှေသည် လူနှစ်ဆယ်ဦးခန့်ဖြင့် မြိတ်တဖက်ကမ်းရှိ ရှင်သာလျောင်းဘုရားဖူးပြီးအပြန် ကမ်းအကပ်တွင် တိမ်းမှောက်မှုဖြစ်ခဲ့ပြီး အသက် လေးနှစ်ရှိ (ကျား) ကလေးငယ်တစ်ဦးနှင့် သုံးနှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးတို့ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးသွားသည့် ကလေးငယ် (မ) ၏ အလောင်းကို မြိတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းဖွဲ့များက ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းတွင် ပင်လယ်ရေတက်ချိန်ဖြစ်ပြီး ရေစီးသန်နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းအား ရပ်နားခဲ့ရကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

စက်လှေတိမ်းမှောက်ပြီး ပျောက်ဆုံးကလေးငယ်နှစ်ဦးတို့သည် ရွှေပြည်သာရပ်ကွက်နေသူတို့ဖြစ်ကြပြီး မိသားစုအလိုက် ဘုရားဖူးသွားခြင်းဖြစ်ကြောင်း ယင်းမိသားစုတို့နှင့် နီးစပ်သူ အသက် ၃၀ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောပြသည်။

အဆိုပါ စက်လှေတိမ်းမှောက်သည့် အကြောင်းအရင်းအား အတည်မပြုနိုင်သေးပေ။