ကံပေါက်ဒေသတွင် ပေါက်ကွဲမူဆက်တိုက်ဖြစ်ပွား

0
195

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသနှင့် အနီးနားကျေးရွာတစ်ရွာဖြစ်သည့် ဖားချောင်းကျေးရွာအုပ်စုတို့တွင် ပေါက်ကွဲမူများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၈ ရက်ည ၉ နာရီခန့်တွင် ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် စရဖရုံးတို့တွင် ပေါက်ကွဲမူဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

ယင်းနောက် ည ၁၂ နာရီခန့်တွင် ဖားချောင်းကျေးတွင် ဒလန်ဟုလူသိများသောအသက် ၅၀ ကျော်အရွယ် ဦးကျော်ဦးအား အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ပြီး ၎င်းနေအိမ်လည်း မီးရှို့ခံလိုက်ရကြောင်း ဒေသခံအချို့ကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး တောနင်းရှာဖွေရန် ရောက်လာသည်ဟုဆိုသော စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် ကားတစ်စီး မိုင်းဆွဲပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ထိခိုက်မှုအခြေအနေကိုမူ အတည်ပြုနိုင်ခြင်းမရှိပေ။

စက်တင်ဘာလအတွင်းကလည်း ကံပေါက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏နေအိမ်တွင် ပေါက်ကွဲမူဖြစ်ပွားခဲ့ဖူးသည်။ ယင်းပေါက်ကွဲမူအား ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုပေါက်ကွဲမှုနှင့် သေနတ်ပစ်ခံရမှူတို့ကိုမူ မည်သူတို့လုပ်ဆောင်သည်ကို ထုတ်ပြန်ခြင်းမတွေ့ရသေးပေ။