မြိတ်တွင် ဒီရေတားတမံကျိုးသဖြင့် လယ်ဧကငါးရာနီးပါးပျက်စီး

0
181

မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာတွင် ထူးကဲဒီရေကြောင့် တမံကျိုးကာ စိုက်ပျိုးထားသည့် လယ်ဧကငါးရာနီးပါး ရေငံဝင် ပျက်စီးသွားခဲ့ကြောင်း ဒေသခံလယ်သမားများ ထံမှသိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့က တောင်သုံးလုံးချောင်းမှ ထူးကဲဒီရေဝင်ရောက်ပြီး ရေငံတားတမံ ကျိုးကျခဲ့ခြင်းဖြစ်သည်။

တမံကျိုးကျမှုကြောင့် သစ်ယာဝကျေးရွာရှိ တောင်တလုံးတန်းကွင်း၊ သဲတန်းတောထွင်ကြီးကွင်း၊ ကြဲကွင်း၊ သင်္ချိုင်းကွင်းတို့ရှိ လယ်သမား ၁၆ ဦးစိုက်ပျိုးထားသည့် လယ်ဧက ၄၈၀ ခန့်ရေငံဝင်ရောက်သွားကြောင်း လယ်သမားများက ပြောသည်။

“ဝတ်ပန်းလန်းချိန်မှာ ခုလိုဖြစ်သွားတာ၊ ဆုံးရှုံးမှုက အများကြီးရှိနိုင်တယ်”ဟု တောင်သူ ဦးကြည်ဝေ ကပြောသည်။

ကျိုးကျသည့် ရေငံတားတမံမှာ အောက်ခြေခုံ ၁၈ ပေ၊ အမြင့် ၆ ပေနှင့် အပေါ်အကျယ် ၄ ပေခန့်ရှိကြောင်း ၎င်းတို့ထံမှသိရသည်။

တမံကျိုးသည့် နေရာအနည်းဆုံး ငါးနေရာအထက်ရှိနိုင်ပြီး တစ်ပေါက်လျှင် သုံးလံမှ ရှစ်လံအထိ ကျိုးကျခဲ့ရကြောင်း တောင်သူများ ကပြောပြသည်။

ယခုကျိုးကျခဲ့သောနေရာတွင် ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ချိန်ကလည်း အလားတူကျိုးခဲ့ဖူးပြီး ပျက်စီးဆုံးရှံးခဲ့ရဖူးသည်။

ကျိုးကျခဲ့သည့်နေရာသည် တောင်သူများကိုယ်ထူကိုယ်ထလုပ်ထားသော တာရိုးဖြစ်သည့်အတွက် ဘတ်ဂျက်တင်ပြမှု အခက်အခဲရှိပြီး နည်းပညာသာ အကူအညီပေးနိုင်ကြောင်း မြိတ်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းနိုင် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းက ပြောဆိုခဲ့ဖူးသည်။

ယင်းကြောင့် တောင်သူများ၏ စုပေါင်းစရိတ်ဖြင့် ပြုပြင်ခဲ့ရာ ငွေကျပ်သိန်းနှစ်ဆယ်နီးပါး ကုန်ကျခဲ့ရကြောင်း တောင်သူများ ထံမှသိရသည်။

မြိတ်မြို့နယ်သစ်ယာဝကျေးရွာအုပ်စုအတွင်း လက်ရှိလယ်ဧက ခြောက်ထောင်ခန့် စိုက်ပျိုးလုပ်ကိုင် လျှက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။