ဘီးလင်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး ပစ်သတ်ခံရ

0
276

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ ဦးဆန်းထွန်းဦးသည် ယနေ့ နံနက်တွင် ပစ်သတ်ခံရကြောင်း ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။

ဦးဆန်းထွန်းဦးသည် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ဇုတ်သုတ်ကျေးရွာ တိုက်နယ်ဆေးရုံရှေ့တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

ဦးဆန်းထွန်းဦးသည် ဇုတ်သုတ်ကျေးရွာ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာများအရေးနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများအတွက် တိုက်နယ်ဆရာဝန်နှင့် ဆွေးနွေးနေစဉ် အမည်မသိ သေနတ်သမားတို့က လာရောက် ပစ်ခတ်ခဲ့သည်ဟု မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန်ထားသည်ဥ

ပစ်ခတ်ခံရသည့် ဦးဆန်းထွန်းဦးသည် သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ဖြစ်သွားတာက တိုက်နယ်ဆေးရုံရှေ့မှာ စကားထိုင်ပြောနေတဲ့အချိန်မှာ သေနတ်သမားတွေက လာပစ်သွားတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

ဦးဆန်းထွန်းဦးသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင်ရောင်ယှဥ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲ ရှုံးနိမ့်ထားသူဖြစ်သည်။

လက်ရှိတွင် အခင်းဖြစ်ပွားရာနေရာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် မေလကလည်း ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမြင့်ဆွေနှင့် ဇနီးတို့ သေနတ်ပစ်ခံရပြီး ဦးမြင့်ဆွေ သေဆုံးသွားခဲ့သည့်ဖြစ်စဥ် ရှိခဲ့သည်။