နိုဝင်ဘာ ၂၁ အထိ ကျောင်း အပ်လက်ခံမည် ဟုဆို

0
532

ယခုအကြိမ် အခြေခံ ပညာကျောင်းပြန်ဖွင့်ချိန်တွင် နိုဝင်ဘာ ၂၁ ရက်နေ့ အထိ ကျောင်းအပ် လက်ခံမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံထံမှ သိရသည်။

စစ်ကောင်စီ လက်ထက် ဒုတိယ အကြိမ်အဖြစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ကျောင်းများ ပြန်ဖွင့်နေခြင်း ဖြစ်ပြီး တနင်္သာရီတိုင်းတွင် နိုဝင်ဘာလ ၉ ရက်နေ့အထိ တနင်္သာရီတိုင်းတွင် ကျောင်းတက်နေသူ အခြေခံပညာကျောင်းသား ၄၆၀၀၉ ဦးရှိကြောင်း အထက်ပါ ဌာန၏ စာရင်းအရ သိရသည်။

မေလ ၂၄ ရက်မှ ဇူလိုင်လ ၈ ရက်နေ့အထိ ပထမ အကြိမ် ကျောင်းများဖွင့်လှစ်စဉ် တိုင်းအတွင်း ကျောင်းအပ်သူ တစ်သိန်းကျော် (၁၀၁၀၃၂) ရှိပြီး ကျောင်းတက်သူမှာ ရှစ်သောင်းနီးပါး (၇၉၈၁၈) ဦးရှိကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

KG တန်းမှ Grade-12 ထိ အတန်းများကို နိုဝင်ဘာ ၂၁ ရက်နေ့ ကျော်ပါက ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း မပြည့်မီစိုးသဖြင့် လက်ခံတော့မည်မဟုတ်ကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူက ပြောသည်။

“ဆိုလိုတာက သုံးပတ်အတွင်းမှာကျောင်းလာအပ်ရမယ်ပေါ့၊ လာအပ်နေကြတာပဲ၊ အပ်တာတော့ အတန်းစုံပဲ” ဟု တာဝန်ရှိသူက ပြောသည်။

ယခုပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနက သင်ရိုး ပြောင်းလဲပြင်ဆင်ထားပြီး သင်ရိုး လျော့ချထားသည်ဟု တာဝန်ရှိသူက ဆိုသည်။

ယင်းအပြင် စနေနေ့တွင်လည်း ကျောင်းသင်ခန်းစာများကို အချိန်ပို သင်ကြားသွားမည်ဖြစ်ပြီး အတန်းတွင်း စာမေးပွဲကို ဧပြီလတွင် ဖြေဆိုရန် စီစဉ်ထားကြောင်း အထက်ပါဌာနထံမှ သိရသည်။