ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦး နေအိမ် မီးရှို့ခံရ၊ အခြား သပိတ်ကော်မတီဝင်၏ မိခင်ကို ဖမ်းဆီး

0
436

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာရှိ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦး၏ နေအိမ်တစ်‌ဆောင် နိုဝင်ဘာလ ၁ ရက် ည ၁၂ နာရီခန့်တွင် မီးရှို့ခံခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းမီးရှို့ခံရသည့်နေအိမ်မှာ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုဝေယံစိုး၏ မိသားစုဝင် နေအိမ်ဖြစ်ကြောင်း အဆိုပါကော်မတီက သတင်းထုတ်ပြန်ထားသည်။

“ည ၈ နာရီလောက်တုန်းက တစ်ခါလာပြီရှာသေးတယ်။ (ကို) ဝေယံစိုးအိမ်နဲ့ သူ့ဆွေမျိုးအိမ်တွေ သုံးအိမ်လောက်အရှာခံရတယ်။ ‌အိမ်မှာရှိတဲ့ တီဗီတွေ၊ ဗီဒိုတွေကိုလည်း ရိုက်ဖျက်သွားတာ။ ဆိုင်ကယ်နှစ်စီးလည်း သိမ်းသွားသေးတယ်။ အဲဒီကတည်းက အိမ်ကိုမီးရှို့မယ်လို့ ပြောသွားတာ” ဟု မီးလောင်ခံရသည့်အိမ်ပိုင်ရှင်နှင့် အမျိုးတော်စပ်သူတစ်ဦးက ဆိုသည်။

ယင်းအတွက်ကြောင့် အိမ်ပိုင်ရှင် မိသားစုဝင်များ ကြိုတင်တိမ်းရှောင်နေခဲ့ကြသဖြင့် မီးလောင်ချိန်တွင် နေအိမ်၌ လူမရှိကြောင်း ၎င်းကဆိုသည်။

မီးသတ်ကားတစ်စီးရောက်လာခဲ့‌သေးသော်လည်း အချိန်မမီသဖြင့် မီးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ ပြန်သွားရသည်ဟုဆိုသည်။

ထိုနေ့တွင်ပင် ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ နေအိမ်တွင်လည်း ဝင်ရောက်ရှာဖွေခံခဲ့ရကြောင်း ခရိုင်ကော်မတီက သတင်းထုတ်ပြန်ထားသည်။

လောင်းလုံးမြို့နယ် ပြင်းထိန်ရွာရှိ ကိုမင်းလွင်ဦးနေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ပြီး ၎င်းအား မတွေ့သဖြင့် မိခင်ဖြစ်သူအား ဖမ်းဆီးသွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းဖြစ်စဉ်များမတိုင်မီ နိုဝင်ဘာလ ၁ ရက်က လောင်းလုံး စစ်ပြဲသွားလမ်းတစ်နေရာ ဖြစ်သည့် တောင်ဇင်းလမ်းတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံခဲ့ရသည်။

ယင်းလမ်းပိုင်းတွင် ရဲတပ်သား နေမျိုးအောင်ကို သုတ်သင်ခဲ့ကြောင်း နွေဦးပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ယင်းအပြင် အောက်တိုဘာ ၂၀ ရက်နေ့က လောင်းလုံးမြို့နယ်အတွင်းရှိ တာဝါတိုင် ငါးတိုင်ကို ၎င်းတို့ အဖွဲ့က ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယခုအခါ စစ်ပြဲကျေးရွာအုပ်စု စစ်ပြဲအရှေ့ပိုင်း စာသင်ကျောင်းတွင် စစ်သားများ တပ်စွဲထားကြောင်း ‌ဒေသခံအချို့ကဆိုသည်။