ဆလုံ ဂျလန်းကျွန်းကျောင်းထိုင်အသစ် ရောက်ရှိ

0
345

ကော့သောင်းမြို့နယ်၊ ဂျလန်းကျွန်းဘုန်းတော်ကြီး ကျောင်းသို့ ကျောင်းထိုင်မည့် ဆရာတော်အသစ်တစ်ပါး ရောက်ရှိလာကြောင်း ဆရာတော်၏ ဒါယကာများ ထံမှသိရသည်။

ဂျလန်းဆရာတော် ဟု လူသိများသော ယခင် ကျောင်းထိုင်ဆရာတော်မှာ ကိုဗစ် ရောဂါဖြင့် ပျံလွန်တော်မူပြီးနောက် သုံလခန့်အကြာတွင်ရောက်ရှိလာခြင်းဖြစ်ပြီး မော်ကင်းဆလုံဒေသအတွင်း သာသနာပြုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရောက်ရှိလာသည့် ဆရာတော်၏ ဘွဲ့အမည်မှာ ဒေါက်တာ အရှင်ပညာသီရိဖြစ်ပြီး မွန်ကျောင်းဆရာတော်ဟု လူသိများသည့် ဆရာတော်တစ်ပါးဖြစ်သည်။

ဆရာတော်မှာ သက်တော်မှာ ၄၄ နှစ်၊ သိက္ခာတော်မှာ ၂၄ နှစ်ရှိပြီဖြစ်ပြီး ပြည်တွင်းပြည်ပသာသနာပြု၊ နယ်လှည့်ဓမ္မကထိက၊ စာရေးစာချ၊

တရားဟော၊ တရားပြနှင့် ကျောင်းထိုင်ဘုန်းကြီးများ၊ ရဟန်းတော်များ ဟောနည်း၊ပြောနည်း၊ သာသနာပြုနည်းများ ဟောပြောပို့ချခြင်း၊ ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာသင်တန်းများ ပို့ချခြင်း၊ရှင်ပြု၊ရဟန်းခံ၊သီလရှင်ဝတ် ပွဲများနှစ်စဥ်ကျင်းပခြင်း၊ တရားစခန်းများဖွင့်ပေးခြင်း ပြုလုပ်နေကြောင်း ဒါယကာများ ထံမှသိရသည်။

“အရင်ဆရာတော်နဲ့ အခုရောက်လာတဲ့ဆရာတော်က ငယ်သူငယ်ချင်းပါ”ဟု ယခင် ဆရာတော်၏ ဒကာအရင်း တစ်ဉီးကပြောပြသည်။

လက်ရှိရောက်လာသည့်ဆရာတော်ကို မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ရေခါး၊ သဘွတ်ကုန်းကျေးရွာတွင် မွေးဖွားခဲ့သည်။

ပျံလွန်တော်မူသွားသည့် ဂျလန်းဆရာတော် အရှင်ကုသလဇောတိ သည် ကော့သောင်းမြို့နယ်၊ ဂျလန်းကျွန်းသို့ ၂၀၀၇ ခုနှစ်တွင်စတင် ရောက်ရှိပြီး မော်ကင်းဆလုံလူမျိုးတို့၏ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုပရဟိတအရေးတို့ကို ဆောင်ရွက်ခဲ့သည်။

ယင်းနောက် မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ အထူးကုဆေးရုံတွင် ကိုဗစ်ရောဂါကုသရင်း ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ ပျံလွန်ချိန်တွင် သက်တော် ၄၅ နှစ်၊ ဝါတော် ၂၅ နှစ်ရှိပြီဖြစ်သည်။