တနင်္သာရီတိုင်း နယ်စပ်ကုန်သွယ်ရေး ဒေါ်လာသန်း‌ ခြောက်ရာကျော် ကျ

0
223
ပုံ-မောတောင် စင်ခွန်းနယ်စပ်ဂိတ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီက တွေ့ရစဥ်

တနင်္သာရီတိုင်း နယ်စပ်ဂိတ်များ၏ ကုန်သွယ်ရေးပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ ‌ကျော် ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနစာရင်းများအရ သိရသည်။

တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်နေသည့် နယ်စပ်စခန်း ၃ ခုရှိပြီး ထီးခီး၊ မောတောင်နှင့် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်ကြသည်။

အထက်ပါ ကုန်သွယ်ရေးစခန်းသုံးခုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၄၃၀ သန်းကျော် ရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ် (သြဂုတ်လအထိ) စာရင်းတွင်မူ ဒေါ်လာ ၁၇၉၃ သန်း‌ကျော် ရှိကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိကျပ်ငွေလဲလှယ်နှုန်းအရ မြန်မာငွေ ကျပ်သိန်းပေါင်း ၁၁ သိန်းကျော် ကျဆင်းသွားခြင်းဖြစ်သည်။

တနင်္သာရီတိုင်း၏ အဓိကပို့ကုန်ဖြစ်သည့် ရေထွက်ပစ္စည်းတင်ပို့မှု ကျဆင်းသွားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးပမာဏလည်း ကျသွားခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ဆိုသည်။

“အဓိက ကတော့ ရေထွက်ကုန်တွေပေါ့နော်။ အရင်တုန်းက ပို့နေတဲ့ အတိုင်းအတာထက် အများကြီးလျော့သွားတယ်” ဟု ၎င်းက ပြောသည်။

တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းတွင်လည်း မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းဆီးရမိမှု ကျဆင်းနေခြင်း ၊ ငါးမဖမ်းရရာသီကို အချိန်စောပြီး သတ်မှတ်လိုက်ခြင်းကြောင့်ရေထွက်ပစ္စည်းတင်ပို့မှု ကျဆင်းသွား‌သည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ရေထွက်ကုန်ပစ္စည်းကို အဓိကတင်ပို့ပြီး လယ်ယာထွက်ကုန် ပစ္စည်းအချို့လည်း တင်ပို့နေကြောင်း တိုင်းဒေသကြီး ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လည်တင်သွင်းသည့်အဓိကပစ္စည်းမှာ ဒီဇယ်ဆီနှင့် ဘိလပ်မြေဖြစ်ပြီး လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း အနည်းငယ်ကိုလည်း တင်သွင်းနေသည်။

စီးပွားကူးသန်းဝန်ကြီးဌာန စာရင်းအရ နယ်စပ်ကုန်သွယ်ရေးစခန်းအများစုတွင် ပို့ကုန်ရော သွင်းကုန်ပမာဏပါ ကျဆင်းသွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၂၄ ခုရှိသည်။