သရက်ချောင်း ရငဲရွာ NLD ပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း နေအိမ် ဝင်ရှာခံရ

0
467

သရက်ချောင်းမြို့နယ် ရငဲကျေးရွာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း၏ နေအိမ်ကို အောက်တိုဘာလ ၂၉ ရက်ညနေက စစ်သားနှင့် အရပ်ဝတ်လက်နက်ကိုင်များက လာရောက်ရှာဖွေခဲ့ကြောင်း ဒေသခံအချို့ထံမှ သည်။

ယင်းနေ့ ညနေတွင် စစ်သားနှင့် အရပ်ဝတ် ဆယ်ဦးခန့်ရောက်လာပြီး အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမင်းအောင်အား ရှာဖွေခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ထိုသို့ ရှာဖွေချိန်တွင် အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမင်းအောင် နှင့် မိသားစုဝင်များနေအိမ်တွင် မရှိကြောင်း ၎င်းက ပြောသည်။

ဒေသခံများ၏ အဆိုအရ ဦးမျိုးမင်းအောင် နေအိမ်ရှေ့ရှိ တံဆိပ်ရိုက်လုပ်ငန်း လုပ်ကိုင်သည့် ပစ္စည်းများအား ဖျက်ဆီးသွားကြသည်ဟု ဆိုသည်။

‌”သူတို့ဝင်လာမှန်းသိတာနဲ့ ရွာကလူငယ်တွေကတော့ ရှောင်ကြတယ်။ ရွာခံသတင်းပေးတဲ့သူက လမ်းပြလာတာ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူး‌ဟောင်း‌အိမ်အား ဝင်ရောက်ရှာ‌ဖွေ ပြီးနောက် ရငဲကျေးရွာရှိ လှည်းလမ်းတောင်ဘုန်းကြီးကျောင်းတွင် ဒေသခံများ၏ လုပ်ငန်းသုံးကားတစ်စီးနှင့် အိမ်စီးကား တစ်စီးကိုလည်း ယူဆောင်သွားသည်ဟု ပြောသည်။

ဦးမျိုးမင်းအောင်သည် အသက် ၃၀ ကျော် လူငယ်တစ်ဦးဖြစ်ပြီး အာဏာမသိမ်းမီက ရငဲကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့ရာ ၎င်း၏စွမ်းဆောင်ရည်ကြောင့် လူထုထောက်ခံမှု အထိုက်အ‌လျောက် ရရှိခဲ့သူဖြစ်သည်။