ကင်းမွန်ငါးဖမ်းရာသီစဖွင့်

0
257

ဝါလကင်းလွတ် သတင်းကျွတ်ပြီးပြီမို့ ကင်းမွန်လှေတို့ ပင်လယ်ပြင်သို့ ထွက်ခွါသွားကြပြီဖြစ်သည်။ သို့သော် လှေတစ်ချို့မှာ ထွက်ခွာရန် ပြင်ဆင်နေဆဲ။

ပင်လယ်ပြင်အတွင်းရှိ ကင်းမွန်များကို သီတင်းကျွတ်အပြီး အောက်တိုဘာ မှ တန်ခူးလ (ဧပြီလ) အကုန် မိုးဉီးကျရာသီအထိ ဖမ်းဆီးကြပြီး ဒေသခံတို့မှ လှေအရွယ်အစားမျိုးစုံ ကိုအသုံးပြုကြသည်။

လှေတစ်စီးလျှင်အနည်းဆုံး ရေလုပ်သားငါးဉီးမှ လှေကြီးလျှင် နှစ်ဆယ်နီးပါးအထိ လိုက်ပါပြီး ကင်းမွန်ဖမ်းလေ့ရှိကြသည်။

ကင်းမွန်များကို ငါးဖမ်းသလို ပိုက်တစ်ခုတည်းဖြင့် ဖမ်းကြသည်တော့မဟုတ်။ လှေရှိ လက်တံကြီးများတွင် လျှပ်စစ်မီးများ ထွန်းကာ ပိုက်များဖြင့် ချုပ်ပြီးဖမ်းကြသည်။

ယင်းသို့တစ်ညလုံး ဖမ်းကြပြီး နေ့ဖက်တွင်တော့ ရေလုပ်သားများ အိပ်စက်အနားယူကြသည်။

ကင်းမွန်များကို လဆုတ်၊ လကွယ် ညတွေမှာသာဖမ်းဆီးရပြီး လပြည့်လသာသည့် ညများတွင်တော့ လအလင်းရောင်ကြောင့် ဖမ်းဆီး၍ မရကြောင်း မြိတ်မြို့မှ ကင်းမွန်လှေ မီးဆရာကပြောပြသည်။

“အလင်းရောင်နဲ့ မြူဆွယ်ပြီး သူတို့ကိုဖမ်းရတာ၊ လအလင်းရောင် ရှိနေရင် သူတို့မလာကြဘူး”

ကင်းမွန်လှေများတွင် တပ်ဆင်အသုံးပြုကြသည့် မီးသီးမျိုးစုံရှိကြပြီး မီးသီးတစ်လုံးလျှင် အနည်းဆုံးကျပ်သောင်းဂဏန်းမှ သိန်းဆယ်ချီသည်အထိ ပေးရကြောင်း လုပ်ငန်းရှင်များ ကပြောပြသည်။

ငါးဖမ်းလှေများတွင် ငါးဆရာအဓိကကျသလို ကင်းမွန်လှေများတွင်လည်း မီးဆရာက အခရာဖြစ်သည်။ မီးဆရာတော်လျှင် တော်သလို ကင်းမွန်အရကောင်းပြီး ညံ့လျှင်တော့ သူများထက်အရနည်းတတ်သည်။

မီးဆရာတစ်ဉီးလျှင် ရရှိသည့်အကျိုးအမြတ်ပေါ် မူတည်ပြီး နှစ်ဆယ်ရာခိုင်နှုန်းမှ နှစ်ဆယ့်ငါး ရာခိုင်နှုန်းအထိ ရကြပြီး လှေသားများမှာမူ လစာဖြင့် တစ်လနှစ်သိန်းကျော် ရရှိကြသည်။

မြိတ်ခရိုင်အတွင်း ဒေသခံ ကင်းမွန်ငါးဖမ်းလှေ အစီးရေသုံးရာကျော်ရှိပြီး ကမ်းနီးကင်းမွန်လှေငယ် ထောင်ဂဏန်းအထိရှိသည်။

ယင်းကြောင့် ကင်းမွန်ရာသီရောက်လျှင် ပင်လယ်ပြင်တစ်ခွင် ကြည့်လိုက်တိုင်း မီးရောင်တို့ဖြင့် ထိန်ထိန်ငြီးတတ်သည်။

“မီးထွန်းလှေတွေ ဘယ်လောက်များသလဲဆို ရုတ်တရက်ကြည့်ရင် ရေပေါ် မြို့ကြီးတစ်မြို့ လားထင်ရတယ်”ဟု ကင်းမွန်လှေ မီးဆရာကပြောပြသည်။

ဖမ်းဆီးရမိလာသည့် ကင်းမွန်များကို ပင်လယ်ပြင်တစ်ခွင် လိုက်လံဝယ်ယူနေသည့် ဝယ်လှေများအား ရောင်းချသူများရှိသလို မြိတ်မြို့သို့တက်ရောက်ရောင်းချ ကြသူများလည်း ရှိသည်။

‘တောင်ဖက်(ကော့သောင်း)က ဝယ်လှေတွေက ရနောင်းမှာရောင်းပြီး မြောက်ဖက်(မြိတ်)က တော့ မြိတ်မှာပဲ ပြန်လာရောင်းကြတာများတယ်”ဟု ကင်းမွန်လှေလုပ်ငန်း လုပ်ကိုင်သူ တစ်ဉီးကပြောပြသည်။

လှေငယ်တစ်စီး၏ အထွက်စရိတ်မှာ အနည်းဆုံး ဆယ်သိန်းကျော်ရှိပြီး လှေုကြီးမှာမူ အနည်းဆုံးထွက်စရိတ် သိန်းရှစ်ဆယ်မှ သိန်းတစ်ရာဝန်းကျင် ခန့်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ကိုဗစ်ကြောင့် ကင်းမွန်စျေးများ ထိုးကျသလို ရာသီဉတုဖောက်ပြန်ကာ လှိုင်းလေကြီးမှုကြောင့်လည်း ကင်းမွန်အရနည်းကာ လုပ်ငန်းရှင်များ အရှုံးပေါ်ခဲ့ရသည်။

မြိတ်ဒေသရှိ ကင်းမွန်များအား ဒိုင်ခံဝယ်ကာ ပြုတ်ခြောက်ပြုလုပ်၍ တရုတ်ပြည်သို့ တင်ပို့နေသည့် ကင်းမွန်ပြုတ်ခြောက်ရုံ တစ်ဆယ်ကျော်ခန့် မြိတ်အင်းလေးမြိုင်စက်မှုဇုံ အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေး ဧရိယာအတွင်း ရှိခဲ့သည်။

သို့သော် ကိုဗစ်ကပ်ရောဂါကြောင့် လက်ရှိအချိန်တွင် ယင်းအလုပ်ရုံများ ယာယီပိတ်သိမ်းထားပြီး လုပ်ကိုင်ကြသူတရုတ်လူမျိုးများလည်း ၎င်းတို့နေရပ်သို့ ပြန်လည်နေထိုင်နေကြသည်။

“နင်လားငါလား ရလာပြီဆိုရင် မြိတ်မှာက ဝယ်လက်ကြီးကြီးမရှိသေးဘူး”ဟု ယင်းလုပ်ငန်းရှင် ကပြောသည်။

လက်ရှိအချိန်တွင် ပြည်ပဝယ်လက်မှာ ထိုင်းနိုင်ငံ တစ်ခုတည်းသာ ရှိနေပြီး ၎င်းတို့ပေးသည့် စျေးဖြင့်သာ ထိုးရောင်းနေရကြောင်း အဆိုပါလုပ်ငန်းရှင် ကဆိုသည်။

ကင်းမွန်မီးထွန်းလှေ လုပ်ငန်းကို မြိတ်ခရိုင်အတွင်း မြို့ပြ၊ ကျွန်းရွာတွေပါမကျန် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြပြီး ဒေသအတွင်း နီးစပ်ရာ စျေးသင့်ရာ အဝယ်ဒိုင်၊ အဝယ်လှေများတွင် ရောင်းချလေ့ရှိကြသည်။

ကင်းမွန်ရရှိရေး မျှော်လင့်ချက်ဖြင့် ချေးငှားပေါင်နှံကာ ပင်လယ်ပြင်လုပ်ငန်းခွင်သို့ သွားရောက်ဖမ်းဆီးနေသော်လည်း လက်ရှိအချိန်တွင် သူတို့မျှော်လင့်ချက်က အားနည်းလွန်းနေသည်။

“ဒီနှစ်လည်း ဘယ်လိုလာမယ်မသိသေးဘူး။အရင်ကလောက်တော့ အဆင်ပြေမယ်လို့တော့ သိပ်မထင်ဘူး” ဟု မြိတ်မြို့မှ ကင်းမွန်လှေပိုင်ရှင် ကိုအေးမင်းက လက်ရှိအခြေအနေကို သုံးသပ်ရင်း ညည်းတွားလေသည်။