ငါးလနီးပါး ရပ်နားထားသည့် ရန်ကုန်- ကော့သောင်းလေကြောင်းခရီးစဉ် ပြန်ပြေးဆွဲ

0
257
ခရီးစဉ်ပြေးဆွဲစဉ်က ထားဝယ်လေယာဉ်ကွင်းတွင် လေယာဉ်ရပ်နားထားသည်ကို တွေ့ရစဉ်/ Dawei Watch

ကိုဗစ်ကူးစက်မှုမြင့်တက်နေခြင်းကြောင့်ဟုဆိုကာ ငါးလနီးပါးရပ်နားထားခဲ့သည့် ရန်ကုန်-ကော့သောင်းလေကြောင်းခရီးစဉ်အား အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သက်ဆိုင်ရာ လေကြောင်းလိုင်းအချို့က ထုတ်ပြန်ထားသည်။

မေလနှောင်းပိုင်းတွင် စတင်ရပ်နားထားခဲ့သည့် လေကြောင်းခရီးစဉ်အား အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)က ထုတ်ပြန်ထားသည်။

ရန်ကုန်-ကော့သောင်းခရီးစဉ်အား Embraer 190 အမျိုးအစားလေယာဉ်နှင့် ATR72-600 လေယာဉ်များဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း MNA လေကြောင်းလိုင်းက ဖော်ပြထားသည်။

AIR KBZ လေကြောင်းလိုင်းကမူ အောက်တိုဘာလ ၂၁ ရက်နေ့မှစကာ အပတ်စဉ် ကြာသပတေးနေ့တိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရန်ကုန်- ကော့သောင်း လေကြောင်းခရီးစဉ်ကို ပြန်လည်ပြေးဆွဲမည်ဖြစ်သော်လည်း ထားဝယ်နှင့် မြိတ်ခရီးစဉ်များ မပါဝင်သေး‌ကြောင်း ထားဝယ်မြို့ရှိ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“ပြန်ပြေးဆွဲမယ်လို့ မကြားရသေးဘူးရှင်၊ ကျွန်မတို့လည်း မျှော်နေတာပဲ” ဟု ၎င်း အရောင်းကိုယ်စားလှယ်က ပြောသည်။

ယခင်က တနင်္သာရီတိုင်းရှိ ထားဝယ်၊မြိတ်နှင့် ကော့သောင်းခရီးစဉ်များကို အဲယားKBZ ၊ မန်းရတနာပုံ၊ ရွှေမြန်မာနှင့် MNA နှင့် MAI လေကြောင်းလိုင်းများ ပြေးဆွဲခဲ့သည်။

ထိုနောက် ကိုဗစ်ကူးစက်မှုမြင့်တက်လာသည်ဟုဆိုကာ အဆိုပါလေကြောင်းလိုင်းများ ပြေးဆွဲမှုကို ယခုနှစ် မေလနှောင်းပိုင်းတွင် စတင်ရပ်နားခဲ့ပြီး အချိန်ကာလအလိုက် သက်တမ်းတိုးလာခဲ့ခြင်းဖြစ်သည်။