ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေးအပါအဝင် တက်ကြွလှုပ်ရှားသူအချို့ မနေ့က ပြန်လွတ်

0
195

ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေး အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ကို အောက်တိုဘာလ ၁၈ ရက် ညနေက ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

သပိတ်ဦးဆောင်သူ ကိုကျော်ထွေး အပါအဝင် စုစုပေါင်းဦး‌ရေ ၁၀၀ ကျော် ပြန်လွတ်လာသည်ဟု သိရကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။

ကိုကျော်ထွေးအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၂ နှစ် ၄ လ ကျခံစေရန် ပြီးခဲ့သည့် ဇွန်လက အမိန့်ချခံထားရသည်။

ကိုကျော်ထွေးအပြင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ ကိုမင်းသူရလည်း ပြန်လွတ်ပြီဖြစ်ကြောင်း အထက်ပါတရားလွှတ်တော်ရှေ့နေက ပြောသည်။

ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရပြီး ထောင်ဒဏ် ၄နှစ်ချမှတ်ခံထားရသည့် သပိတ်ဦးဆောင်သူ ကိုအောင်ဝေယံကျော်မှာမူ မလွတ်မြောက်သေးကြောင်း ၎င်းက ဆိုသည်။

လက်ရှိလွတ်ငြိမ်းခွင့်ပေးရာတွင် တနင်္သာရီတိုင်းအတွင်းမှ ပြန်လည်လွတ်မြောက်လာသူ အရေအတွက်အား သိရှိနိုင်ရန် မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။

ဆန္ဒပြရာတွင် ပါဝင်သည့်အတွက် ဖမ်းဆီးတရားစွဲဆိုခံနေရဆဲဖြစ်သည့် လူလေးထောင်ကျော်နှင့် အမိန့်ချမှတ်ခံရပြီးသူ တစ်ထောင့်သုံးရာကျော်အား အမှုပိတ်သိမ်းခြင်း၊လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း နစကကောင်စီက ထုတ်ပြန်ထားသည်။

ဆန္ဒပြရာတွင် ပါဝင်သူများအပြင် တနင်္သာရီတိုင်းအတွင်းမှ ဖမ်းဆီးခံသတင်းထောက် အချို့လည်း ပြန်လွတ်လာကြောင်း သိရသည်။