ထားဝယ်အကျဉ်းထောင်ရှေ့တွင် ပြည်သူများ စောင့်ဆိုင်း

0
288

နိုင်ငံရေးအကျဉ်းသားများကို ဒုတိယနေ့အဖြစ် ဆက်လက်လွှတ်ပေးမည်ဆိုသည့် သတင်းကြောင့် အောက်တိုဘာလ ၁၉ ရက်နေ့က ထားဝယ်အကျဉ်းထောင်ရှေ့တွင် ပြည်သူများ လာရောက်စောင့်ဆိုင်းနေကြသည်။

နံနက်ကိုးနာရီခန့်မှစကာ လာရောက်စောင့်ဆိုင်းနေကြခြင်းဖြစ်ပြီး တဖြည်းဖြည်းလူများလာကာ နံနက် ၁၁ နာရီခန့်တွင် လူဦးရေ ၂၀၀ ဝန်းကျင်အထိရှိလာကြောင်း ထားဝယ်အကျဉ်းထောင်ရှေ့ကို ရောက်နေသည့် ပြည်သူတစ်ဦးက ဆိုသည်။

“အချို့တွေကတော့ လွှတ်ပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လာစောင့်နေကြတယ်။ အချို့တွေကတော့ ထားဝယ်ရဲစခန်းမှာ ခံဝန်ထိုးပြီးမှာ လွှတ်ပေးမယ်ဆိုပြီး ပြောနေကြတယ်။ ထောင်ရှေ့မှာတော့ မလွှတ်ပေးဘူးဆိုပြီး ပြောနေကြတယ်” ဟု ၎င်းက ပြောသည်။

ယမန်နေ့ကလည်း တိုင်းအတွင်းရှိ အကျဉ်းထောင်သုံးခုတွင် နိုင်ငံရေးအကျဉ်းသားအချို့ကို ပြန်လွှတ်ပေးခဲ့ပြီး မြိတ်အခြေစိုက် သတင်းထောက်နှစ်ဦးနှင့် ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုကျော်ထွေးတို့ လွတ်မြောက်လာခဲ့သည်။

ထောင်မှ လွှတ်ပေးသူစာရင်းအတိအကျသိရှိနိုင်ရန် တိုင်းဒေသကြီးအကျဉ်းဦးစီးဌာန၏ ရုံးဖုန်းသို့ ယ‌မန်နေ့ကတည်းက အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဖြေမရသေးပေ။

အထက်ပါဌာန တိုင်းဦးစီးမှူး အလုပ်ရှုပ်နေသဖြင့် စာရင်းအတိအကျအား မမေးမြန်းရသေးကြောင်း ယင်းဌာန တာဝန်ကျဝန်ထမ်းတစ်ဦးက ဖုန်းလက်ခံ ဖြေကြားခဲ့သည်။