လောင်စာဆီဈေးကြောင့် ကျွန်းစုအမြန်ယာဉ် တွက်ခြေမကိုက်

0
226
ကျွန်းစုဆိပ်ကမ်းတွင် ရပ်နားထားသည့် အမြန်ယာဉ်တစီးအား တွေ့ရစဉ်

ကျွန်းစုနှင့် မြိတ်မြို့သို့ခရီးသည်တင် ပြေးဆွဲနေသည့် အမြန်ယာဉ်အချို့ လောင်စာဆီဈေး မြင့်တက်လာမှုကြောင့် တွက်ခြေမကိုက်ဘဲ ပြေးဆွဲနေရကြောင်း အမြန်ယာဉ်ပိုင်ရှင် အချို့ထံမှသိရသည်။

ကိုဗစ်တတိယလှိုင်းကြောင့် နှစ်လကျော်အကြာရပ်နားထားသည့် အမြန်ယာဉ်များသည် အောက်တိုဘာလ ၂ ရက်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲနေပြီး လောင်စာဆီဈေးကြောင့် အရှုံးဖက်သို့ ဦးတည်နေသည်ဟု လှေပိုင်ရှင်များကပြောသည်။

“ဆီဈေးက သုံးသိန်းနှစ်သောင်းခွဲဆိုတော့ အရှုံးခံပြီးဆွဲနေရတယ်”ဟု ကျွန်းစုမြို့နှင့်မြိတ်မြို့သို့ပြေးဆွဲနေသည့် အမြန်ယာဉ်ပိုင်ရှင် တစ်ဉီးကပြောသည်။

ကျွန်းစုမှမြိတ်သို့ ယခင်ကလှေတစ်ခေါက်ပြေးဆွဲလျှင် ခရီးသည်တစ်ရာကျော် လိုက်ပါလာလေ့ရှိပြီး ယခုအခါ ခရီးသည် ငါးဆယ်နှင့်ခြောက်ဆယ်ကြားသာ ရှိတော့ကြောင်း သိရသည်။

“အမြန်ယာဉ်ခကတော့ အရင်အတိုင်းပဲ”ဟု ရွှေပင်ဂွင်းအမြန်ယာဉ် ပိုင်ရှင်ကပြောသည်။

ဆီဈေးမတက်မီ အချိန်ကတည်းကခရီးသည်တစ်ဦးလျှင် အမြန်ယာဉ်ခ ကျပ်သုံးထောင်ကျပ်ပေး ရပြီး လက်ရှိအချိန်တွင်လည်း ယခင်နှုန်းထားအတိုင်း ပြေးဆွဲနေရကြောင်း အမြန်ယာဉ်ပိုင်ရှင်များ ထံမှသိရသည်။

ကျွန်းစုမှမြိတ်သို့ ပြေးဆွဲနေသည့် အမြန်ယာဉ်သုံးစီးရှိပြီး လှေတစ်စီးလျှင် တစ်နေ့ သုံးခေါက်နှုန်း အလှည့်ကျပြေးဆွဲသည်။

အမြန်ယာဉ်ရပ်နားထားသည့် အချိန်က ကျွန်းစုနေပြည်သူတို့သည် ကုန်တင်သည့် သစ်ခွံလှေများဖြင့် သွားလာခဲ့ကြရကြောင်း ဒေသခံများ ကဆိုသည်။

ကျွန်းစုမြို့မှ မြိတ်မြို့သို့ အမြန်ယာဉ်ပြေးဆွဲချိန် ၁ နာရီကြာမြင့်ကြောင်း အမြန်ယာဉ်ပိုင်ရင်များ ထံမှသိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ဒီဇယ်တစ်ပေပါ တစ်သိန်းသုံးသောင်း ဝန်းကျင်ရှိရာမှ ဖေဖော်ဝါရီလမှစတင်ကာ တစ်ဖြည်းဖြည်း ဈေးတက်လာပြီး လက်ရှိအချိန်တွင် ဒီဇယ်တစ်ပေပါ သုံးသိန်းနှစ်သောင်းငါးထောင်ကျပ်ဈေး ရှိနေကြောင်း လောင်စာဆီ ရောင်းဝယ်သူများ ထံမှသိရသည်။