မြိတ် Stay at Home အသက်ဝင်နေဆဲဖြစ်ကြောင်း ထပ်ကြေညာ

0
163

မြိတ်မြို့အား ကိုဗစ်ပိုးတွေ့ရှိမှုများနေသဖြင့် Stay at home မြို့နယ်ဖြစ်ကြောင်း သက်ဆိုင်ရာ ကိုဗစ်ကာကွယ်ရေး ကော်မတီက လိုက်လံ ကြေညာလျက်ရှိသည်။

မြိတ်တွင် လူအသွားအလာ များပြားလာခြင်း၊ ဆိုင်များ ဖွင့်လှစ်ရောင်းချနေခြင်းတို့ကြောင့် မြို့နယ် ကိုဗစ်နိုင်တီးကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီက အမိန့်ထုတ်ပြန်ခြင်းနှင့် မော်တော်ယာဉ်ဖြင့် လှည့်လည် အသိပေးခြင်းတို့ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့မှစပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်နှင့် မြိတ်မြို့တို့အား Stay at home မြို့နယ်တို့အဖြစ်ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန် ကြေငြာထားပြီးဖြစ်သည်။

အဆိုပါ အမိန့်ထုတ်ပြန်ပြီး တစ်လကျော်အကြာ စက်တင်ဘာလ နောက်ဆုံးပတ်မှစပြီး ပြင်ပသို့ သွားလာမှုများလာခြင်းနှင့် စားသောက်ဆိုင်တစ်ချို့ ဖွင့်လှစ်ရောင်းချခြင်းတို့ ပြုလုပ်‌မှုများရှိနေကြောင်း သိရသည်။

Stay at home စတင်သက်ဝင်စဉ်က နေအိမ်ပြင်ပသို့ သွားလာရာခွင့်ကတ်ပြားများ ထုတ်ပေးသည့်ခဲ့ရာ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူတို့က Stay at Home တစ်လသတ်မှတ်ထားသည်ကို ပြောကြားခဲ့ကြောင်း မြိတ်မြို့ပေါ်ရပ်ကွက်နေသူတစ်ချို့က ပြောပြသည်။

“ကတ်ပြားပေးပြီး တစ်လပဲလို့ ပြောခဲ့တယ်” ဟု မြိတ်တောင်နယ်မြေ မြို့သစ်ရပ်နေ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ရပ်ကွက်နေသူအများစုသည် stay at home သတ်မှတ်ကာလ တစ်လသာရှိကြောင်းကို သိထားရကြောင်း မြိတ်တောင်ကျေးရွာအုပ်စုရှိ ရာပြည့်ရပ်ကွက်နေသူတစ်ချို့က ပြောပြသည်။

ယင်းကဲ့သို့ သတ်မှတ်ကာလ တစ်လပြည့်ပြီဖြစ်သဖြင့် နေအိမ်ပြင်ပသို့ သွားလာမှုပြုလုပ်ခြင်းနှင့် ဆိုင်များဖွင့်လှစ်ရောင်းချမှုများ ရှိနေကြခြင်းဖြစ်သည်။