လောင်းလုံး အောက်ရေဖြူတွင် လူငယ်တစ်‌ဦး ပစ်ခတ်ခံရ

0
230
အပစ်ခံရတဲ့လူငယ်အလောင်း /ဓာတ်ပုံ DDMSC

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာသား အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုသေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စက်တင်ဘာလ ၁၇ ရက် ည ၈ နာရီကျော်ခန့်တွင် စစ်တပ်၏ ပစ်သတ်ခံလိုက်ရခြင်းဖြစ်နိုင်ကြောင်း ဒေသခံ‌အချို့က ခန့်မှန်းပြောဆိုကြသည်။

“ကဒက်ငယ်ထိန်တောင်ကျောင်း (ဘုန်းကြီးကျောင်း) မှာ တပ်စွဲထားတဲ့ စစ်သားတွေက ည ၈ နာရီ‌ကျော်လောက်မှာသေနတ်ဆယ်ချက်လောက်ပစ်သံကြားရတယ်။ သူ့ဟာသူ ခြောက်ပစ်တယ်ပဲမှတ်နေတာ။ မနက်ကျမှ လူကိုပစ်မှန်းသိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူမှာ မောင်ရင်မင်းသန့် ခေါ် ပင်အပ်ဆိုသူ လူငယ်တစ်ဦးဖြစ်သည်။ ခန္ဒာကိုယ် ပိန်းပိန်းပါးပါးရှိသောကြောင့် ပင်အပ် ဟု ဒေသခံတို့က ခေါ်ဆိုကြသည်။

သေနတ်ပစ်သံကြားသော်လည်း မည်သူမျှ အပြင်ထွက်မကြည့်ရဲသဖြင့် မောင်ရင်မင်းသန့်အပစ်ခံရသည်ကို နံနက်ပိုင်းမှသိရပြီး သိရချိန်တွင် သေဆုံးနေပြီဖြစ်ကြောင်း ၎င်းကပြောသည်။

သေဆုံးသူ မောင်ရင်မင်းသန့်သည် အဌမတန်းမှ ကျောင်းထွက်ထားသူဖြစ်ပြီး ဖခင်ဖြစ်သူ၏ နာမည်မှာ ဦးအောင်စိုးဖြစ်သည်။

စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းမှစပြီး စစ်တပ်ကားများ ရေဖြူကျေးရွာအုပ်စုရှိ ဂေါ့အင်း၊ ပိန္နဲတော၊ ကဒက်ငယ်ထိန်၊ ကျောက်ဖြူ စသည့်‌ကျေးရွာများသို့ ဝင်ရောက်စစ်ဆေး ဖမ်းဆီးခြင်း လုပ်ဆောင်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

ဖမ်းဆီးခံရသူဆယ်ဦးခန့်ရှိပြီး အချို့ပြန်လွတ်လာကြသည်ဟု ပြောဆိုကြသော်လည်း အဖမ်းဆီးခံရသူတို့၏ အချက်အလက်များကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယင်းနောက် စစ်တပ်သည် ရွာမှမထွက်ခွာတော့ဘဲ ကဒက်ငယ်ထိန်တောင် ဘုန်းကြီးကျောင်း၊ ရေဖြူအထက်တန်းကျောင်း၊ ဂေါ့အင်းကျေးရွာ ညောင်ပင်ကြီးအနီးရှိ နာရေးကူညီမှုရုံးအနီးနားတို့တွင် တပ်စွဲထားလိုက်ကြောင်း ဒေသခံအချို့က ပြောသည်။

သေဆုံးသွားသည့် မောင်ရင်မင်းသန့်အလောင်းအား ယနေ့နံနက် ကိုးနာရီခန့်တွင် ရဲတပ်ဖွဲ့က လာရောက်သယ်ဆောင်သွားပြီး မည်သည့်နေရာသို့ သယ်သွားသည်ကိုမူ မသိရဟု ဆိုသည်။