ထားဝယ်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ ဆက်တိုက် အဖမ်းခံရ

0
541

ထားဝယ်တက္ကသိုလ်မှ ဆရာမတစ်ဦး၊ ကျောင်းသူ၊ ကျောင်းသားငါးဦး စုစုပေါင်း ခြောက်ဦး သီတင်းနှစ်ပတ်အတွင်း ဆက်တိုက်ဆိုသလို အဖမ်းခံလိုက်ရပြီး အချို့ပြန်လွတ်လာကြကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

ထားဝယ်တက္ကသိုလ် သတ္တဗေဒပထမနှစ်ကျောင်းသူ မလဝန်းအိမ်သည် ပစ္စည်းသွားပို့ရင်း ကမြောကင်းလမ်းတွင် စက်တင်ဘာလ ၇ ရက်က အဖမ်းခံခဲ့ရသည်ဟုဆိုသည်။ စက်တင်ဘာလ ၈ ရက်တွင်မူ ပြန်လည်လွတ်မြောက်လာခဲ့သည်။

သင်္ချာတတိယနှစ်ကျောင်းသူ မအိအိဖြူသည်လည်း ထားဝယ်မြို့တွင်းတစ်နေရာတွင် စက်တင်ဘာလ ၁၃ ရက်က အဖမ်းခံလိုက်ရသည်ဟုဆိုသည်။

စက်တင်ဘာလ ၁၄ ရက်တွင်မူ ထားဝယ်တက္ကသိုလ် ပထဝီဝင်ဌာနမှ အချိန်ပိုင်း လုပ်အားပေးဆရာမ ဒေါ်မိုးပွင့်ဖြူမှာ နေအိမ်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ စက်တင်ဘာလ ၁၆ ရက်တွင် ပြန်လွတ်လာခဲ့သည်။

စက်တင်ဘာလ ၁၅ ရက်တွင်မူ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာနေ ထားဝယ်တက္ကသိုလ် သင်္ချာပထမနှစ် ‌ကျောင်းသား မောင်ရန်နိုင်စိုး နေအိမ်တွင် အဖမ်းခံခဲ့ရသည်။

အစ်ကိုဖြစ်သူအား လာရောက်ဖမ်းဆီးစဉ် မတွေ့သဖြင့် မောင်ရန်နိုင်စိုး၏ လက်ကိုင်ဖုန်းအား စစ်ဆေးပြီး ဖမ်းဆီးသွားခဲ့သည်ဟုဆိုသည်။

‌ယင်းတက္ကသိုလ်၏ ကျောင်းသူဟောင်းတစ်ဦးဖြစ်သူ မနှင်းကလျာဝင်းမှာလည်း စက်တင်ဘာ ၁၆ ရက်တွင် အဖမ်းခံရသည်။

ထားဝယ်တက္ကသိုလ်မှ အင်္ဂလိပ်စာဖြင့် ဘွဲ့ရထားသည့် မနှင်းကလျာဝင်းသည် ထားဝယ်မြို့က နေအိမ်တွင်ရှိနေစဉ် အဖမ်းခံလိုက်ခြင်းဖြစ်သည်။ မနှင်းကလျာဝင်းနှင့်အတူ သူမ၏ အမျိုးသားဖြစ်သူလည်း အတူတူအဖမ်းခဲ့ရသည်ဟုဆိုသည်။ ၎င်းတို့ဇနီးမောင်နှံနှစ်ဦးစလုံးသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သူတို့လည်းဖြစ်ကြသည်ဟုဆိုသည်။

ယင်းနေ့တွင်ပင် ထားဝယ်တက္ကသိုလ် သင်္ချာတတိယနှစ်ကျောင်းသူ မချိုချိုဖြိုးသည်လည်း ရေဖြူမြို့နယ် ဧကနိရွာရှိ နေအိမ်တွင် လာရောက်ဖမ်းဆီးခြင်းခံခဲ့ရသည်။

အစ်ကိုဖြစ်သူအား လာရောက်ဖမ်းဆီရာ မတွေ့သဖြင့် မချိုချိုဖြိုးအား ဖမ်းဆီးသွားခြင်းဖြစ်ပြီး ညနေပိုင်းတွင် ပြန်လွတ်လာခဲ့သည်ဟုဆိုသည်။

ဒေါ်မိုးပွင့်ဖြူနှင့် ကျောင်းသူ မလဝန်းအိမ်၊ မချိုချိုဖြိုးတို့သုံးဦး ပြန်လွတ်လာပြီး ကျန်ကျောင်းသား၊ ကျောင်းသူများမှာ စက်တင်ဘာလ ၁၇ ရက် နေ့လည်ပိုင်းအထိ ပြန်မလွတ်သေးဘဲ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိရကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

အခြား‌တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားအချို့လည်း ဖမ်းဆီခံထားရကြောင်း ပြောဆိုကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသဖြင့် ဖော်ပြနိုင်ခြင်းမရှိသေးပေ။