မွန်ပြည်နယ် ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဥက္ကဋ္ဌ ပစ်သတ်ခံရ

0
367
မွန်ပြည်နယ် ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးရန်ရှင်

မွန်ပြည်နယ် ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးရန်ရှင်းသည် ကျိုက်ထိုမြို့တွင် ပစ်သတ်ခံရကြောင်း သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရိခန့်က ကျိုက်ထိုမြို့ ဗိုလ်ချုပ်လမ်း ဆားဖိုးကြီးအိမ်ရှေ့ဆိုင်တန်းတွင် အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးရန်ရှင်းကို သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းဖောက်ထွက်ဒဏ်ရာရရှိခဲ့သည့် ဦးရန်ရှင်းကို ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“သေနတ်သမားနှစ်ဦးက လာပစ်သွားတယ်လို့ သိရတယ်၊ ဒဏ်ရာရရှိထားတဲ့ ဦးရန်ရှင်းကို ကျိုက်ထိုဆေးရုံကို ပို့တယ် အခြေအနေမကောင်းတော့ ရန်ကုန်ကိုပို့ရင်း ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးရန်ရှင်း ပစ်ခတ်ခံရသည့်နေရာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

မွန်ပြည်နယ် ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဥက္ကဋ္ဌ ဦးရန်ရှင်းသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ကျိုက်ထိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင်ပြိုင်ခဲ့သူဖြစ်ပြီး ရွေးကောက်ပွဲ ရှုံးနိမ့်ထားသူဖြစ်သည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အတွင်း၌ အမည်မသိသေနတ်သမားတို့၏ ပစ်ခတ်မှုကြောင့် လူသေဆုံးမှု ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားလာခဲ့ရသည်။

အထူးသဖြင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများ ပစ်သတ်ခံရသည့်ဖြစ်စဉ် ရှိလာခဲ့သည်။