ဘီးလင်းတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
146
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာတွင် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။


ဒေါက်ရပ်ကျေးရွာနေ ဦးမျိုးမြင့်သည် စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်းခန့်က အသက် ၈ နှစ်အရွယ် မြေးဖြစ်သူနှင့်အတူ နေအိမ်တွင် တည်ရှိနေစဉ် အမည်မသိ သေနတ်သမားနှစ်ဦးက  ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။


သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးမျိုးမြင့်သည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားပြီး မြေးဖြစ်သူမှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။


ဦးမျိုးမြင့် ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး အာဏာသိမ်း တပ်ဖွဲ့ဝင်တို့က ကျေးရွာအတွင်း စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံတို့က ပြောသည်။


“ဦးမျိူးမြင့် သေဆုံးတာနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးမှုတွေလုပ်နေတာတွေရှိတယ်၊ ဘယ်သူ ဘာကြောင့် ဒီလိုလုပ်သွားတာလဲဆိုတာကတော့ ဘာမှမကြားမိသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။


စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဘီးလင်းမြို့နယ်နည်းတူ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။


စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အတွင်း၌ အာဏာသိမ်း တပ်ဖွဲ့ဝင်တို့၏ ပစ်ခတ်မှုကြောင့် လူသေဆုံးမှုများရှိခဲ့သည့်အပြင် ယခုကဲ့သို့သော အမည်မသိသေနတ်သမားတို့၏ ပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရသည့်ဖြစ်စဉ်များလည်း ရှိလာခဲ့သည်။


အထူးသဖြင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများ ပစ်သတ်ခံရမှု ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။