ထိုင်းတွင် ကိုဗစ်ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးခံစားခဲ့ရသူများ နစ်နာကြေးရ

0
171

ကိုဗစ်ကာကွယ်ဆေးထိုးခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေ သို့မဟုတ် ပြင်းထန်တဲ့ရောဂါလက္ခဏာ ခံစားခဲ့ကြရသူ ထောင်ချီကို ထိုင်းအစိုးရက နစ်နာကြေးပေးခဲ့ပါတယ်။

အစိုးရအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုခံစားခဲ့ရကြောင်း အတည်ပြုနိုင်ခဲ့သူပေါင်း ၂၈၇၅ ဦးအတွက် ဘတ်ငွေ သန်း ၁၁၁ ကျော် ကို နစ်နာကြေးပေးပြီးဖြစ်တယ်လို့ အမျိုးသားကျန်းမာရေးနဲ့လုံခြုံရေးဌာန (NHSO) ရဲ့ အထွေထွေအတွင်းရေးမှူး က ဆိုပါတယ်။

လူနာတစ်ဦးခြင်းစီရဲ့အခြေအနေအပေါ်မူတည်ပြီး NHSO အနေနဲ့ နစ်နာကြေး ပေးသွားဖို့ရှိတယ်လို့ သူက ပြောပါတယ်။
NHSO ရဲ့ထုတ်ပြန်ချက်အရ ပုံမှန်ဆေးကုသမှုခံယူဖို့လိုအပ်သူ ၂၆၄၁ ဦးကို ဘတ် တစ်သိန်းစီ တစ်လုံးတစ်ခဲတည်း နစ်နာကြေးပေးခဲ့ပြီးဖြစ်ပါတယ်။ ကိုယ်အင်္ဂါမသန်စွမ်းဖြစ်ခဲ့ရသူ ၁၂ ဦးကိုတော့ ဘတ်နှစ်သိန်းလေးသောင်းစီ ပေးအပ်ခဲ့ပါတယ်။ အသက်ဆုံးရှုံးခဲ့ရတဲ့သူ ၂၂၂ ဦးရဲ့ မိသားစုဝင်တွေကိုတော့ ဘတ်လေးသိန်းစီ နစ်နာကြေးပေးခဲ့ပါတယ်။

မေလ ၁၉ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် နာမကျန်းဖြစ်ခဲ့ရသူတွေဆီက အသနားခံစာတွေကို အစိုးရအနေနဲ့ လက်ခံရရှိခဲ့တယ်လို့ သူကဆိုပါတယ်။ ယခုအချိန်ထိ နစ်နာကြေးရရှိနိုင်ဖို့အတွက် အသနားခံစာပေါင်း ၃၈၈၈ စောင်ကို တင်သွင်းထားကြပြီးဖြစ်ပါတယ်။

နာမကျန်းဖြစ်မှုတွေဟာ ကိုဗစ်ကာကွယ်ဆေးကြောင့် ဖြစ်ရတယ်ဆိုတာကို အစိုးရအနေနဲ့လက်ခံပြီး နစ်နာကြေးပေးခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ခံစားနေကြရတဲ့ ရောဂါလက္ခဏာတွေ လျော့ပါးသက်သာလာစေဖို့ နစ်နာကြေးပေးခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။
ပြည်သူတွေအနေနဲ့ နစ်နာကြေးကို ကာကွယ်ဆေးထိုးပေးနေတဲ့နေရာတွေ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနတွေနဲ့ NHSO နယ်မြေရုံးတွေမှာ လျှောက်ထားနိုင်ကြပါတယ်။

ဆရာဝန်တွေနဲ့ အရပ်ဖက်ပြည်သူတွေပါဝင်တဲ့ ဆပ်ကော်မတီက သူတို့ရဲ့အသနားခံစာကို ထည့်သွင်းစဉ်းစားပြီး ပေးအပ်ရမယ့်နစ်နာကြေးပမာဏကို ဆုံးဖြတ်ပေးကြမှာ ဖြစ်ပါတယ်။

သူတို့အနေနဲ့ ရရှိတဲ့နစ်နာကြေးပမာဏအပေါ်မှာ ကျေနပ်လက်ခံနိုင်မှုမရှိရင် ရက်ပေါင်း ၃၀အတွင်း NHSO ရုံးကို အယူခံဆက်လက်တင်သွင်းနိုင်မှာ ဖြစ်ပါတယ်။

Photo- Bangkok Post