ကော့သောင်း မြို့လယ်တွင် ငွေလုယက်မှု ဖြစ်

0
347
ဓာတ်ပုံ- ကော့သောင်းမြို့ မြိုမဈေးအနီး လုယက်မှု CCTV မှတ်တမ်း

ကော့သောင်းမြို့လယ် တစ်နေရာဖြစ်သည့် မြို့မဈေးအနီးတွင် ငွေလုယက်ခဲ့သူ အမျိုးသားကို ဖမ်းမိပြီဖြစ်ကြောင်း သိရသည်။


ဘတ်ငွေ လဲလှယ်သည့် လုပ်ငန်း လုပ်ကိုင်နေသူ ဒေါ်မိုးကြည်သည် စက်တင်ဘာလ ၃ ရက်က ဆိုင်ကယ်တစ်စီးဖြင့် အလုပ်ကိစ္စသွားရန်ထွက်လာစဉ် မြို့မဈေးအနီးအရောက်တွင် ငွေလုယက်ခံခဲ့ရကြောင်း မြေးတော်စပ်သူတစ်ဦးက ပြောသည်။


ဆိုင်ကယ်ဖြင့်အနောက်မှ ကပ်လိုက်လာပြီး လုယက်ထွက်ပြေးသွားသည်ဟုဆိုသည်။


ယင်းလုယက်မှုကြောင့် ထိုင်းဘတ်ငွေ တစ်သိန်းငါးသောင်းကျော်၊ မြန်မာကျပ်ငွေ ၁၈၀ သိန်း ပါသွားကြောင်း မြေးဖြစ်သူက ပြောသည်။


စက်တင်ဘာလ ၆ ရက်တွင် ယင်းငွေလုယက်သွားသူ ထွန်းအောင် ခေါ် သားကြီးဆိုသူအား ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းကပြောသည်။


လုယက်ခံရသည့် ပိုက်ဆံများအားလုံး ပြန်မရသေးဘဲ လက်ရှိတွင် မြန်မာငွေ သိန်းတစ်ရာကျပ်ခန့် ပြန်ရကြောင်း ဆိုသည်။


“(ထိုင်း) ဘတ်ငွေတွေတော့ ပြန်မရတော့ဘူး”. ဟု ၎င်းက ဆိုသည်။


ရဲတပ်ဖွဲ့နှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရှာဖွေဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် လုယက်ခဲ့သူအမျိုးသားအား တာဝန်ရှိသူတို့က  အသေးစိတ် စစ်ဆေးနေဆဲ ဖြစ်ကြောင်း  သိရသည်။