လာမည့်နွေ စပါးထွက်ပါ့မလား၊ ဓာတ်မြေဩဇာ ‌ဈေးခုန်တက် လယ်သမားများအခက်

0
216
farm

အထွေထွေ ကုန်ဈေးနူန်းနှင့်အတူ ဓာတ်မြေဩဇာ ဈေးနူန်းပါ မြင့်တက်လာနေသဖြင့် ထားဝယ်ခရိုင်ရှိလယ်သမားများ ယခင်ကကဲ့သို့ ဓာတ်မြေဩဇာ မသုံးနိုင်တော့ဘဲ အခက်တွေ့နေကြသည်။

လတ်တလော စပါးဈေးနူန်း၊ ဓာတ်မြေဩဇာ ဈေးနူန်းအရ စပါးအတင်း ၂၀ ရောင်းမှ ဓာတ်မြေဩဇာ သုံးအိတ်ခန့်သာ ဝယ်နိုင်မည့် အနေအထားဖြစ်နေသည်။

စက်တင်ဘာလ ၃ ရက်က ထားဝယ်ခရိုင်ရှိ သမားအချို့ထံ မေးမြန်းထားသည့် ဈေးနုန်းကို အခြေခံပြီး တွက်ချက် ဖော်ပြပါမည်။
လတ်တလော ဆန်ကြမ်းအမျိုးစား စပါးဈေးနူန်းမှာ ကျပ်ရှစ်ထောင် ဝန်းကျင်တွင်ရှိသည်။ ဓာတ်မြေဩဇာ တစ်အိတ်လျှင် ကျပ်ငါးသောင်းကျော် ၅၂၀၀၀ ဝန်းကျင်တွင်ရှိနေသည်ဟု ဆိုကြသည်။ အချို့နေရာများတွင် တစ်အိတ် ၅၈၀၀၀ ကျပ်အထိ ခေါ်ဈေးရှိသည်။

ထိုဆန်ကြမ်းအမျိုးအစား စပါးအတင်း ၂၀ ရောင်းချပါက တစ်သိန်းခြောက်သောင်းကျပ်ရရှိမည်ဖြစ်ပြီး ရရှိသည့် ငွေဖြင့် ဓာတ်မြေဩဇာ ဝယ်မည်ဆိုပါက သုံးအိတ်သာရမည်ဖြစ်သည်။

“ဓာတ်မြေဩဇာ သုံးအိတ်ဆိုတာက စပါး(ပင်) မဖြစ်ထွန်းဘူး ဆိုရင် တစ်ဧကထည့်ရင်ကုန်ပြီ” ဟု လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာမှ လယ်မား ဦးသောင်းတန်က ဆိုသည်။

ယခုနှစ် လယ်ယာလုပ်ငန်းဝင်ချိန်က တစ်အိတ်လျှင် ကျပ်သုံးသောင်းဝန်းကျင် ‌ပေါက်ဈေးရှိခဲ့သည့် ဓာတ်မြေဩဇာဈေးနူးန်မှာ နှစ်လခန့်အကြာတွင် နှစ်ကျပ်သောင်းကျော်အထိ မြင့်တက်လာခဲ့သည်။

ယင်းသို့ ဈေးနူန်းကြီးမြင့်လာသဖြင့် ယခင်ကကဲ့သို့ လယ်သမားများ ဓာတ်မြေဩဇာ မသုံးနိုင်တော့ဘဲ ချွေတာသုံးစွဲနေကြရကြောင်း လယ်သမားအချို့က ဆိုသည်။

“အရင်က သုံးအိတ်ဝယ်တဲ့နေရာမှာ တစ်အိတ်လောက်မျိုးပဲ ထည့်နိုင်တော့တယ်။ ဓာ‌တ်မြေဩဇာဈေးက မနှစ်ကထက် ထက်ဝက်ခေါက်ချိုး ဈေးကြီးသွားတာကိုး” ဟု သရက်ချောင်းမြို့နယ်နေ လယ်သမားတစ်ဦးက ဆိုသည်။

ဇူလိုင်လအတွင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်သွားသည့် လယ်သမားများမှာလည်း ဓာတ်မြေဩဇာဖြင့် စပါးပင်နလန်ပြန်ထူနိုင်ရေး မလုပ်နိုင်ကြတော့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ထားဝယ်မြို့နယ်မှ လယ်သမား ဦးတင်ကွိင်က ပြောသည်။

“ဓာတ်‌မြေဩဇာ မကျွေးနိုင်ရင် စပါးပင်က အရမ်းကျဆင်းသွားတယ်” ဟု ဇဟာရွာသား ဦးတင်ကွိင်က ဆိုသည်။
ဇဟာရွာဘက်တွင် မိုးများသဖြင့် စပါးပင်များရေကြီးနစ်မြှပ်ခဲ့ရသည့် အခြေအနေတွင် လောင်းလုံးဘက်က လယ်သမားများမှာ မိုးမျှော်နေကြသည်။

လယ်သမားများ၏ နောက်ထပ်စိန်ခေါ်မှုတစ်ခုမှာ အလုပ်သမား ငှားရမ်းရခက်ခဲနေခြင်းဖြစ်သည်။
ယခင်ကတည်းက အလုပ်သမားရှားပါးသည့် ပြဿနာနှင့် ရင်ဆိုင်နေရသော လယ်ယာလုပ်ငန်းခွင်သည် ကိုဗစ်ရောဂါကြောင့် အလုပ်သမားငှားရမ်းရ ပိုခက်လာသည်ဟုဆိုသည်။

“ရေကြီးလို့ ပျက်သွားတဲ့လယ်တွေမှာ စိုက်ဖို့၊ ဖာဖို့ အလုပ်သမားလဲငှားရခက်၊ ဓာတ်မြေဩဇာကလဲ ဈေးကြီးလို့ မထည့်နိုင်။ အခုခြေအနေနဲ့ လာမယ့်နွေ စပါးထွက်ပါ့မလား စိတ်ပူနေရတယ်” ဟု ဦးတင်ကွိင်က ဆိုလေသည်။