အလုပ်ထုတ်ပယ်ခံရသည့် တိုတယ်ကုမ္ပဏီ လုံခြုံရေးဝန်ထမ်းအား အလုပ်ပြန်ခန့်မည်ဟုဆို

0
157
Dawei Watch, Dawei News, Dawei News Media

ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးသွားသည့်အပေါ် ဝေဖန်ခဲ့သဖြင့် အလုပ်ထုတ်ခံရသည့် တိုတယ်ကုမ္ပဏီ လုံခြုံရေး အရာရှိအား အလုပ်ပြန်ခန့်မည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုတယ်ကုမ္ပဏီ၏ လျှပ်စစ်ပိုင်းဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်သူ ကိုအောင်မိုးမြင့် ကိုဗစ်ကူးစက်ခံရချိန်မှ သေဆုံးချိန်အထိ ကုမ္ပဏီဘက်မှ တာဝန်ပျက်ကွက်ခဲ့ကြောင်း လုံခြုံရေးအရာရှိဖြစ်သူ မထားရည်မွန်က ဩဂုတ်လ ၈ ရက်တွင် လူမူကွန်ရက်စာမျက်နှာမှ တစ်ဆင့် ဝေဖန်ပြောဆိုခဲ့သည်။

ယင်းကဲ့သို့ ပြောဆိုမူသည် ကုမ္ပဏီ၏ ပုံရိပ်ကို ထိခိုက်ခဲ့ခြင်း၊ မထားရည်မွန်သည် ယခင်က အာဏာဖီဆန်ရေး လှုပ်ရှားမူ (CDM) တွင် ပါဝင်ခဲ့ဖူးသဖြင့် သတိပေးခံခဲ့ရဖူးခြင်း စသည်တို့ကြောင့် တိုတယ်ကုမ္ပဏီ၏ လုံခြုံရေးရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

သို့သော် ရက်အနည်းငယ်အကြာတွင်ပင် ကုမ္ပဏီတာဝန်ရှိသူတို့ဘက်က မထားရည်မွန်အား အလုပ်ပြန်ခန့်မည်ဟု ဦးကိုကိုဦးက ပြောဆိုလာသည်။

ဦးကိုကိုဦးမှာ Atalian Global Service ကုမ္ပဏီတွင် Imperial Management Specialist ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

မထားရည်မွန်သည် Atalian Global Service ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးဖြစ်သည်။

တိုတယ်ကုမ္ပဏီသည် Atalian Global Service ကုမ္ပဏီထံမှ လုံခြုံရေးဝန်ထမ်းများကို ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းထားခြင်းဖြစ်သည်။

“ကျွန်တော်တို့က ပထမတော့ အလုပ်ထုတ်မလို့ပဲ။ ဒါပေမယ့် သူ့ကိုမှီခိုရတဲ့သူတွေရှိတယ်။ သူ့ဒယ်ဒီကို ဘယ်လိုပြောရမလဲဆိုပြီးတော့ တင်ထားတဲ့ ပိုစ့်တွေတွေ့တယ်။ အဲဒါနဲ့ ဒီတစ်ကြိမ်တော့ အလုပ်မထုတ်ဘဲနဲ့ အလုပ်ပြန်ခန့်မယ်” ဟု ဦးကိုကိုဦးက ပြောသည်။

ဩဂုတ်လ ၂၁ ရက်မှစပြီး အလုပ်ပြန်ဆင်းရန် ကုမ္ပဏီဘက်က အကြောင်းကြားလာကြောင်း မထားရည်မွန်ကပြောသည်။

နောက် နှစ်လ၊ သုံးလခန့်ကြာပါက မထားရည်မွန်နှင့်
Atalian Global Service ကုမ္ပဏီတို့ နှစ်ဘက် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“နောက်စာချုပ်မှာဆို ညီမက ပါတော့မှာမဟုတ်ဘူး။ မပါမယ့်အတူတူ တစ်လ နှစ်လလောက် အလုပ်ပြန်ဆင်းပြီး ကိုယ့်သဘောနဲ့ ကိုယ်ထွက်ခဲ့မယ်ဆိုရင် နည်းနည်း ဂုဏ်သိက္ခာရှိမယ်လို့ အဖေကလည်း အကြံပေးတယ်” ဟု မထားရည်မွန်က ဆိုသည်။

မထားရည်မွန်သည် ယခင်က အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်ခဲ့ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မကြာခဏ သတိပေးခံနေရသူဖြစ်သောကြောင့် နောက်တစ်ကြိမ် အမှားအယွင်း ထပ်လုပ်သည်ကို လက်ခံနိုင်မည်မဟုတ်ကြောင်း ဦးကိုကိုက ပြောသည်။

တိုတယ်ကုမ္ပဏီသည် ပြင်သစ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံပြီး တနင်္သာရီတိုင်း ကန်ပေါက်ဒေသတွင်အခြေစိုက်ကာ ကမ်းလွန်ပင်လယ်ပြင်တွင် သဘာဝဓာတ်ငွေ့ ထုတ်ယူနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။