မွန်တွင် နှစ်လကျော်အတွင်း ကိုဗစ်လူနာ ၈၀၀ ကျော်သေဆုံး

0
217

ကိုဗစ်ကူးစက်မှုနှုန်းများနေသည့် မွန်ပြည်နယ်တွင် နှစ်လကျော်အတွင်း ကိုဗစ်အတည်ပြုလူနာ ၈၀၀ ကျော် သေဆုံးသွားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် ကိုဗစ်အတည်ပြုလူနာသေဆုံးမှုလည်း မြင့်တက်လာခဲ့သည်။

ကျန်းမာရေးဌာန၏ ထုတ်ပြန်သည့်စာရင်းအရ ဇွန်လမှ သြဂုတ်လ ၁၂ ရက်နေ့အထိ မွန်ပြည်နယ်အတွင်း၌ ကိုဗစ် အတည်ပြုလူနာ ၈၀၀ ဦးကျော် သေဆုံးသွားခဲ့သည်။

ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် သေဆုံးလူနာ အရေအတွက်သည် ဆေးရုံတွင် တက်ရောက်ဆေးကုသရင်း သေဆုံးသွားသူများစာရင်းသာဖြစ်ပြီး နေအိမ်တွင် သေဆုံးသွားသူများစာရင်းပါ ပေါင်းလိုက်ပါက သေဆုံးလူနာ ထောင်ချီရှိနိုင်သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“အိမ်မှာ ဆုံးသွားတဲ့ positive လူနာတွေလည်း အများကြီးရှိပါတယ်၊ ပြီးတော့ ကိုဗစ်သံသယနဲ့ ဆုံးသွားတဲ့လူတွေလည်း ရှိတယ် ဆိုတော့ သေဆုံးမှုက ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့စာရင်းထက်တော့ များနိုင်မယ်” ဟု ကိုဗစ်နှင့် ပတ်သက်ပြီး ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ဇူလိုင်လအတွင်းတွင် တစ်ရက်လျှင် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိခဲ့သည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ အထက်ရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် ကိုဗစ်ကူးစက် သေဆုံးမှုများရှိနေပြီး ရောဂါကူးစက်မှု အများဆုံးနှင့် သေဆုံးမှုအများသည် မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်တို့ဖြစ်သည်။

ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolative Ward-3, Isolative Ward-1 နှင့် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်တို့အပြင် မြို့နယ်အသီးသီးတို့တွင်လည်း ဆေးကုသပေးနေသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သြဂုတ်လ ၁၂ ရက်နေ့အထိစာရင်းများအရ မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၁၀၀၀၀ ကျော်ရှိပြီး သေဆုံးလူနာ ၈၀၀ ကျော်ရှိသည်။