ထားဝယ်တွင် ၁၂ ရက်အတွင်း ကိုဗစ်ကြောင့်ထားဝယ်သေဆုံးသူ ၁၅၀ နီးပါး

0
392

ထားဝယ်မြို့တွင် ၁၂ ရက်အတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၁၅၀ ခန့် ရှိပြီဖြစ်ကြောင်း နာရေးကူညီမှု(ထားဝယ်)ထံမှ သိရသည်။

သြဂုတ်လ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ စာရင်းများအရ ကိုဗစ်ကြောင့် သေဆုံးရသည့် အလောင်း ၁၄၉ လောင်းအား ထားဝယ်သုဿန်တွင် မီးသင်္ဂြိုဟ်ပေးရကြောင်း ထားဝယ်နာရေးကူညီမှုထံမှ သိရသည်။

ထားဝယ်ဒေသတွင် ကိုဗစ်ကြောင့် ဆုံးပါးရသူမှာ ယခုလတွင် ရုတ်တရက်မြင့်တက်သွားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လတစ်လလုံးတွင်မူ ကိုဗစ်ကြောင့် သေဆုံးသူ ၆၁ ဦးသာ သင်္ဂြိုဟ်ပေးခဲ့ရကြောင်း အထက်ပါအဖွဲ့ စာရင်းများအရ သိရသည်။

တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည့်စာရင်းတွင်မူ သြဂုတ်လ ၁ ရက်မှ ၁၂ ရက်နေ့အထိ ထားဝယ်မြို့နယ်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၃၄ ဦးရှိကြောင်း ဖော်ပြထားသည်။

သို့ရာတွင် သြဂုတ်လ ၅ ရက်၊ ၈ ရက်နေ့နှင့် ၁၁ ရက်နေ့ စာရင်းများကို ထုတ်ပြန်ထားခြင်းမရှိပေ။

အထက်ပါ ၉ ရက်တာကာလအတွင်း တနင်္သာရီတိုင်းတွင် ကိုဗစ်ကြောင့် သေဆုံးသူ ၁၃၂ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

ကိုဗစ်ကြောင့် သေဆုံးသူအပါအဝင် ၉၆ ပါးရောဂါဖြင့် သေဆုံးရသူများပါ ပေါင်းလိုက်ပါက တစ်ရက်လျှင် ဆုံးပါးသူနှစ်ဆယ် ကျော် မီးသင်္ဂြိုဟ်နေရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ထိုသို့ မီးင်္ဂြိုဟ်ရသည့် အရေအတွက် များလာသည့်အတွက် မနိုင်ဝန်ဖြစ်လာကြောင်း ထားဝယ်နာရေးကူညီမှု အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောဆိုထားသည်။

ထားဝယ်သုဿန်တွင် မီးသင်္ဂြိုဟ်စက် ၄ လုံးရှိပြီး တစ်ရက်လျှင် ပျမ်းမျှ ၁၂ လောင်းခန့်သာ သင်္ဂြိုဟ်ရန် အဆင်ပြေကြောင်း သိရသည်။

ထိုကဲ့သို့ လက်ခံနိုင်သည့် အလောင်းပမာဏထက် ပိုမိုသင်္ဂြိုဟ်နေရသည့် မီးသင်္ဂြိုဟ်စက်များ၏ ကြံ့ခိုင်ရေးကို စိုးရိမ်နေရသည်ဟု ဆိုသည်။

ယင်းကဲ့သို့ အခက်အခဲဖြစ်နေသည့်အတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ နာရေးအသင်းများက ကူညီဆောင်ရွက်ပေးရန်နှင့် ကျေးရွာအချို့ရှိ မီးသင်္ဂြိုဟ်စက်များတွင် သင်္ဂြိုဟ်ပေးမည်ဆိုပါက ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးအောင်နိုင်ဦးက ပြောဆိုထားသည်။

ထားဝယ်ဒေသတွင် ကိုဗစ်ကူးစက်မှုမြင့်တက်နေပြီး ကိုဗစ်ရှိ မရှိကို ကျန်းမာရေးဌာန အစီအစဉ်ဖြင့် သွားရောက်စစ်ဆေးသူများ ရှိသကဲ့သို့ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းနှင့် မိမိအစီအစဉ်ဖြင့် စစ်ဆေးသူများလည်းရှိသည်။

မိမိအစီအစဉ်ဖြင့် စစ်ဆေးသူများတွင် ကိုဗစ်ပိုးတွေ့ရှိပါကလည်း နေအိမ်တွင်ပင် သီးခြားနေထိုင်ပြီး ကုသနေသူများလည်း ရှိနေသည်။

ပုံစာ- ထားဝယ်မြို့တွင် ယမန်နှစ်က ကိုဗစ်သံသယကြောင့် သေဆုံးသူတစ်ဦးကို သယ်ယူနေစဉ်။