ထားဝယ်တွင် အောက်ဆီဂျင်ဝယ်သူ များလာသည်ဟုဆို

0
158

ထားဝယ်တွင် အောက်ဆီဂျင်ဝယ်သူ များလာကြောင်း ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ အောက်ဆီဂျင်အရောင်းဆိုင်ပိုင်ရှင် အမျိုးသားက ဆိုသည်။

ကိုဗစ် တတိယလှိုင်းပြန်ဖြစ်လာချိန်တွင် အောက်ဆီဂျင်ဗူးကို အိမ်တွင်ဆောင်ကာ အသုံးပြုသူများရှိလာပြီး ဇွန်လဆန်းမှစတင်ကာ ယခင်ကထက် ၃၀ ရာခိုင်နှုန်းကျော် ပိုရောင်းရလာသည်ဟု အထက်ပါဆိုင်မှ အမျိုးသားက ဆိုသည်။

“အရင်တုန်းကဆို တစ်နေ့ကို တစ်စုံကို ရောင်းမရဘူး။ အောက်ဆီဂျင်ကို အရင်တုန်းက အိမ်သုံးအနေနဲ့ သုံးလေ့သုံးထမရှိဘူး၊ အခုမှသာ အိမ်သုံးအနေနဲ့ လာဝယ်နေကြတယ်၊ အရင်တုန်းကတော့ ကိုဗစ်အတွက်မဟုတ်ဘဲ အဆုတ်အားနည်းသူတွေ၊ နှလုံးအားနည်းသူတွေဆေးရုံကနေ ညွှန်ကြားချက်နဲ့ သုံးနေကြတာပဲ ရှိတယ်” ဟု ဆိုင်ပိုင်ရှင်အမျိုးသားက ဆိုသည်။

ကိုဗစ်ဖြစ်ချိန်တွင် အောက်ဆီဂျင်ပြတ်လပ်မည်စိုးသဖြင့် နေအိမ်တွင် မီးသတ်ဆေးဗူးဆောင်သလို ဆောင်ထားရန် အိမ်သုံးအတွက် ဝယ်ယူလာကြသူများရှိလာသည်ဟု ၎င်းက ပြောသည်။

ရန်ကုန်စက်ရုံတွင် အောက်ဆီဂျင်တပတ်ခန့်ပြတ်မည်ဟုဆိုသဖြင့် လတ်တလော မှာယူရန်အခက်အခဲရှိနေသော်လည်း လက်တလောအခြေအနေတွင် ဈေးကွက်၌ ပြတ်လပ်မှုမရှိသေးကြောင်း ဆိုင်ရှင်အမျိုးသားက ဆိုသည်။

၁၀ လီတာပါသည့် အောက်ဆီဂျင်တစ်ဗူးများသာ ထားဝယ်တွင် ဝယ်ယူသူများပြီး တစ်ဗူးလျှင် ကျပ် ၇၅၀၀၀ ဖြင့်ရောင်းသည်ဟု ၎င်းက ပြောသည်။

ရန်ကုန်အပါအဝင်အခြားမြို့များတွင် ကိုဗစ်ဖြစ်ပွားမှုမြင့်တက်နေသဖြင့် ရန်ကုန်စက်ရုံတွင် အောက်ဆီဂျင်မှာမရခြင်း၊ ဈေးတက်နေခြင်းများလည်း ဖြစ်ပေါ်နေသည်ဟု သိရသည်။

ထားဝယ်အောက်ဆီဂျင်စက်ရုံမှ ထွက်သည့် အောက်ဆီဂျင်များကို ထားဝယ်ခရိုင်ရှိ ပြည်သူ့ဆေးရုံများ၊ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အဖွဲ့များသို့ လှူဒါန်းပေးနေကြောင်း ထားဝယ် အာယုဒါနပါရမီမြောက် ကုသိုလ်ဖြစ် အရေးပေါ်အောက်ဂျင်ဆီလှူဒါန်းရေးအဖွဲ့က ဆိုသည်။

တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်များ နေ့စဉ်တိုးလာနေပြီး မနေ့က တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၂ ဦးရှိသည်။

စစ်အာဏာသိမ်းကာလတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ စည်းကမ်းထုတ်ပြန်ချက်များကို လိုက်နာမှုအားနည်းနေကြောင်း ထားဝယ်ဒေသခံတို့က ပြောသည်။