ထားဝယ်မြို့အဝင်အထွက် စစ်ဆေးချိန်ကြာ၍ အလုပ်သမားများ အခက်တွေ့

0
153

ထားဝယ်မြို့ အဝင်အထွက်တံတားများတွင် စစ်ဆေးမှုတင်းကြပ်လွန်းပြီး အချိန်ကြာသဖြင့် အခြေခံလူတန်းစား အလုပ်သမားများ အခက်တွေ့နေရကြောင်း သိရသည်။မြို့အဝင်အထွက် တံတားများတွင် ဇွန်လ ၃၀ ရက်နေ့မှစကာ စစ်ဆေးမှုများတင်းတင်းကြပ်ကြပ်လုပ်ဆောင်လာသည့်အတွက် အလုပ်ဝင်ချိန်မမီဘဲ အခက်အခဲဖြစ်နေရကြောင်း အလုပ်သမားအချို့က ငြီးတွားကြသည်။

အဆိုပါ တံတားအချို့တွင် ထားဝယ်မြို့အတွင်း ဝင်ရောက်မည့်သူများကို တန်းစီစေပြီး လူအမည်၊ ဖုန်းနံပါတ်၊ ဆိုင်ကယ်နံပါတ်၊ နေထိုင်သည့်ရွာအမည်နှင့် ထားဝယ်မြို့သို့ သွားရောက်မည့်အကြောင်းကို မေးမြန်းမှတ်သားပြီးမှ သွားလာခွင့်ပြုနေခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးချိန်တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည့်အတွက် အလုပ်ဝင်ချိန်မမီဘဲ ဖြစ်နေရကြောင်း လောင်းလုံးမြို့နယ်အတွင်း နေထိုင်သည့် အသက် ၄၀ ကျော်အရွယ်ရှိ ပန်းရံအလုပ်သမားတစ်ဦးက ဆိုသည်။အဆိုပါ ပန်းရံအလုပ်သမားမှာ ထားဝယ်မြို့အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်(နေအိမ်)တွင် အလုပ်လုပ်နေခြင်းဖြစ်သည်။

“နေ့တိုင်းစစ်နေမယ်ဆို ထားဝယ်မြို့ထဲမှာ ဘယ်လို လုပ်စားရတော့မှာလဲ။ အခုတောင် တစ်ရက်ပျက်ပြီ။ အချိန်နောက်ကျမှ ရောက်လာတဲ့လုပ်သားကို ဘယ်အလုပ်ရှင်ကမှ လက်မခံချင်ဘူး” ဟု ၎င်းက ပြောသည်။

လောင်းလုံးမြို့နယ်အတွင်း နေထိုင်သည့် အခြေခံလူတန်းစားအများစုမှာ ပန်းရံလုပ်ခြင်း၊ သီဟိုဠ်စေ့လုပ်သူများ၊ ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများမှာ ထားဝယ်မြို့ပေါ်သို့ နေ့ချင်းပြန် အလုပ်သွားလေ့ရှိသည်။

ထားဝယ်မြို့ပေါ်ရှိ သီဟိုဠ်စေ့စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် သားနှစ်ယောက်မိခင် အမျိုးသမီးတစ်ဦးကလည်း စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံရန် တန်းစီစောင့်ရင်း အလုပ်ချိန်မမီတော့ဟု ဆိုသည်။

“တစ်နေ့ ခုနှစ်ထောင်(ကျပ်) ရတယ်။ သားသမီး နှစ်ယောက်နဲ့ တစ်ရက်အလုပ်ပျက်ရင် ကျွန်မတို့ရဲ့ နေစဉ်ဘဝ တော်တော် ထိတယ်” ဟု အသက် ၃၀နှစ်ဝန်းကျင်ရှိ အထက်ပါအမျိုးသမီးက ပြောသည်။

ထိုကဲ့သို့ စစ်ဆေးမှုတင်းကြပ်လွန်းသဖြင့် ဈေးလာဝယ်သူ မရှိသလောက်နည်းသွားကြောင်း သရက်ချောင်းမြို့နယ်မှ ထားဝယ်မြို့သို့ မော်တော်ယာဉ်ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ဆိုသည်။

“စစ်ဆေးတာတော့ စည်းမျဉ်းစည်းကမ်းအရလက်ခံတယ်။ တန်းစီစောင့်ရတော့ အချိန်နှောင်းတာ ရှိတာပေါ့။ အခုရက်ပိုင်းဆို ခရီးသွားတွေ နည်းလာတယ် “ဟု အထက်ပါ ယာဉ်မောင်းက ပြောသည်။

တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါ မြို့ဝင်တံတားဂိတ်များတွင် ယခင်က တင်းကြပ်စွာစစ်ဆေးခြင်း မရှိခဲ့သော်လည်း ဇွန်လ ၃၀ ရက်နေ့မှစကာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေခြင်းဖြစ်သည်။

လက်ရှိတွင် ကိုဗစ်ကပ်ဘေး ကူးစက်မှုမြင့်တက်နေသည့်အတွက် အခြားမြို့နယ်အချို့ကို နေအိမ်တွင်သာ နေထိုင်ရန်(Stay at Home) ကြေညာထားချိန်လည်း ဖြစ်သည်။

သို့ရာတွင် ထားဝယ်မြို့အဝင်အထွက်ဂိတ်များ၌ စစ်ဆေးနေချိန်တွင် တန်းစီစောင့်ဆိုင်းရသဖြင့် လူစုလူဝေးဖြစ်နေသည်ကို တွေ့ရသည်။

Photo- CJ