ဘဏ်တွင် ငွေထုတ်ရခက်ခဲမှုကြောင့် သမဝါယမ စုငွေများ အပြည့်မရ ဟုဆို

0
129
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင်အတွင်း ဘဏ်အပ်ငွေများကို အကန့်အသတ်ဖြင့်သာ ထုတ်ယူနေရသဖြင့် သမဝါယမ စုငွေများအပြည့်မရဘဲဖြစ်နေကြောင်း ယင်းအသင်းသားအချို့က ပြောဆိုကြသည်။

သမဝါယမ အသင်းသားတစ်ဦးလျှင် ငါးသိန်းကျပ်၊ ဆယ်သိန်းကျပ်မှ ကျပ်သိန်းနှစ်ဆယ်အထိ စုငွေများရရန်ရှိနေကြသည်ဟု ၎င်းတို့က ပြောဆိုသည်။ ယင်းစုငွေများအား သမဝါသမအသင်းတာဝန်ရှိသူက အပြည့်ထုတ်မပေးဘဲ အချို့ကိုတစ်ဝက်၊ အချို့ကို သုံးပုံတစ်ပုံ စသည်ဖြင့် ထုတ်ပေးနေကြောင်း အသင်းသားအချို့က ပြောကြားသည်။

အစိုးရဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရသည့်အတွက် စုငွေများကို ပြန်ထုတ်ယူခွင့်ပြုရန်နှင့် အသင်းသားအဖြစ်မှ ထွက်ခွင့်ပြုရန် မေလကတည်းက စာဖြင့်တင်ပြထားသော်လည်း ယနေ့အချိန်အထိ ငွေလဲအပြည့်မရသေးသကဲ့သို့ အသင်းသားအဖြစ်မှ ထွက်ခွင့်လည်း မပြုသေးကြောင်း သရက်ချောင်းမြို့နယ်မှ အသင်းဝင်တစ်ဦးက ဆိုသည်။

”အချို့လူတွေကို တစ်ဝက်ထုတ်ပေးတယ်။ အချို့လူတွေကလဲ လုံးဝမထုတ်ပေးဘူး။ သူတို့ ထုတ်ပေးချင်သလို ထုတ်ပေးနေကြတယ်။ ရာခိုင်းနှုန်းနဲ့ ထုတ်ပေးတာမျိုးလဲမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

အထူးသဖြင့် သမဝါယမ ငွေစု၊ ငွေချေးအသင်းဝင်ထားပြီး CDM ပြုလုပ်ခြင်းကြောင့် အလုပ်ထုတ်ခံရသူအချို့ ယင်းသို့ စုငွေအပြည့်မရဖြစ်နေကြကြောင်း လောင်းလုံးမြို့နယ်က အသင်းဝင်တစ်ဦးက ပြောဆိုသည်။ “ကျွန်မတို့လို CDM လုပ်ထားတဲ့သူတွေကို ချေးငွေနှစ်လစာနဲ့ နှိပ်ထားတယ်” ဟု ၎င်းက ပြောသည်။

အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများထံမှ နှစ်လစာချေးငွေများကို ပြန်တောင်းနေပြီး ပြန်မဆပ်ပါက တရားစွဲဆိုမည်ဟု သက်ဆိုင်ရာဌာနအလိုက် ထုတ်ပြန်ထားကြသည်။ သမဝါယမငွေစု ငွေချေး အသင်းဝင်ထားပြီး အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများကိုမှု ငွေစုထဲမှ ချေးငွေကို နုတ်ယူမည်ဟု ပြောဆိုနေကြောင်း အသင်းဝင်အချို့ကပြောသည်။

“စုငွေကစုငွေ၊ ချေးငွေနဲ့မဆိုင်ဘူး။ ချေးငွေပြန်ဆပ်၊ မဆပ်က ကိုယ်နဲ့ပဲဆိုင်တယ်။ စုငွေနဲ့ ဘာမှမပတ်သတ်ဘူး” ဟု အသင်းဝင်တစ်ဦးက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး သမဝါယမ‌ငွေစု၊ ငွေချေးအသင်း ဥက္ကဋ္ဌကမူ ဘဏ်တွင် ငွေထုတ်ရ ခက်ခဲနေသည့်အပြင် စုငွေထုတ်သူလည်း များနေသဖြင့် ၎င်းတို့၏ စုငွေများကို အပြည့်မပေးနိုင်ခြင်းသာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းသည်။

“အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် လုပ်ပေးနေရဲ့သားနဲ့ ဒီလိုပြောကြတာ အရမ်းအံ့ဩတယ်” ဟု ၎င်းကဆိုသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သဖြင့် အလုပ်ထုတ်ခံရသူ ဝန်ထမ်းဟောင်းအချို့ကမူ လက်ရှိ ဝင်ငွေမရှိသဖြင့် စုငွေများအားလုံးပြန်ရရှိရေး လိုလားနေကြောင်း ထုတ်ဖော်ပြောဆိုသည်။

လက်ရှိတွင် စုငွေထုတ်ယူရန် တင်ပြထားသူ သမဝါယမ ငွေစု၊ငွေချေးအသင်းသား ဆယ်ဂဏန်းခန့်ရှိကြောင်း ယင်းအသင်းဥက္ကဋ္ဌထံမှ သိရသည်။