ထားဝယ်တွင် ထီလုပ်ငန်းများ အရှုံးပေါ်သဖြင့် ရပ်နား

0
191

ထားဝယ်တွင် ထီလုပ်ငန်းများ အရှုံးပေါ်သဖြင့် ရပ်နားထားကြောင်း ထီရောင်းချသူအချို့ထံက သိရသည်။တပ်အာဏာသိမ်းပြီးနောက် အောင်ဘာလေထီထိုးသူမရှိသလောက် နည်းသွားသဖြင့် လုပ်ငန်းအရှုံးပေါ်ခဲ့ရပြီး မတ်လတည်းက ထီလုပ်ငန်းများအားလုံးနီးပါး ရပ်နားထားကြောင်း ထီရောင်းသူအချို့က ပြောသည်။

တပ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် ထီမထိုးကြရန် ပြည်သူအချင်းချင်း လှုံ့ဆော်မှု၊ စည်းလုံးညီညွှတ်မှုကြောင့် ထီထိုးသူမရှိသလောက်နည်းပါးသွားပြီး ယင်းလတွင် ထီလက်ကျန်များသဖြင့် ကျပ်သိန်းငါးရာခန့်အရှုံးပေါ်ခဲ့သည်ဟု ထားဝယ်မြို့မှ ထီလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဖေဖော်ဝါရီလမှာ ထီရောင်းအားမရှိလို့ဆိုပြီး မတ်လလယ်အထိ အချိန်တိုးရောင်းခွင့်ပေးခဲ့ပေမယ့် ထီထိုးသူက မရှိဘူးလေ၊ ထိုးတဲ့သူရှိရင်တော့ အစ်မတို့ကရောင်းမှာပေါ့” ဟု ထီလုပ်ငန်းရှင်အမျိုးသမီးက ဆိုသည်။

ထားဝယ်မြို့၊ ရှမ်းမလည်ဆွဲရပ်ကွက်ရှိ ထီဆိုင်တွင် တစ်လလျှင် စောင်ရေ ၁၂၀၀ ခန့်ယူရောင်းရာ ဖေဖော်ဝါရီလတွင်ထွက်မည့် ထီမှာ စောင်ရေ ၁၀၀၀ ကျန်ပြီး အရှုံးပေါ်သဖြင့် လုပ်ငန်းရပ်နားလိုက်ရသည်ဟု ဆိုင်ရှင်ဖြစ်သူက ဆိုသည်၊ထီရောင်းအားနည်းသဖြင့် ဖောဖော်ဝါရီလကုန်ထွက်သည့်ထီကို မတ်လဆန်းအထိ တပ်ကောင်စီက ရောင်းချခွင့်ပြုခဲ့သည်။

ယင်းအပြင် အမြင့်ဆုံးဆုကြေးငွေကို ကျပ်သိန်းတစ်သောင်းခွဲချီးမြှင့်နေရာမှ ဇွန်လ ၁ ရက်နေ့ဖွင့်လှစ်သည့် ၂၇ ကြိမ်မြောက် အောင်ဘာလေထီ၏ အမြင့်ဆုံးဆုကြေးငွေကို ကျပ်သိန်းငါးထောင်အဖြစ် ပြောင်းလဲချီးမြှင့်ခဲ့သည်။