တနင်္သာရီတိုင်းတွင် လေးလအတွင်း ကိုဗစ်လူနာ ငါးရာကျော်တွေ့

0
211

တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလမှ ဇွန်လဆန်းအထိ လေးလကျော်ကာလအတွင်း ကိုဗစ်ပိုးတွေ့လူနာ ငါးရာကျော်ရှိပြီဖြစ်ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် တိုင်းအတွင်း ဆေးရုံတက်ရောက်ကုသနေသည့် လူနာ ၁၂၈ ဦးရှိပြီး မနေ့ကတစ်ရက်တည်းတွင် ပိုးတွေ့လူနာသစ် ၂၂ ဦးတွေ့ရှိကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာအေးသိန်းက ကိုပြောသည်။

“ဒီရောဂါဖြစ်တာက နည်းနည်းလည်းကြာနေပြီ၊ အခုက တစ်ယောက်ဖြစ်ပြီး တစ်အိမ်လုံးနီးပါးဖြစ်လာတဲ့ သာဓကတွေအများဖြစ်လာတယ်ပေါ့၊ အဲဒါတွေကလည်း (ကိုဗစ်) စည်းကမ်းလေးတွေကိုမလိုက်နာတာလည်း ပါတာပေါ့၊ အဓိကတော့ ပေါ့လာတာပေါ့” ဟု ဒေါက်တာအေးသိန်းက ပြောသည်။

စားသောက်ဆိုင်နှင့် ဈေးများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များကို လိုက်နာမှုအားနည်းလာခြင်းကြောင့် ပိုးတွေ့လူနာများရှိလာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တွင် ပိုးတွေ့သူပိုများပြီး အဝေးပြေးခရီးသည်များတွင် အများဆုံးတွေ့ရသည်ဟု ၎င်းက ဆိုသည်။

“အခုကတော့ ဒီကထွက်တဲ့ ခရီးသည်တွေပေါ့၊ ဒီကနေမှ ရန်ကုန်ဘက်သွားတဲ့ ခရီးသည်တွေကို စစ်တာ၊ နောက်ပိုင်းကျရင်တော့ အဝင်ခရီးသည်တွေပါ စစ်ဖို့အစီအစဉ်တော့ ရှိတယ်” ဟု ဒေါက်တာအေးသိန်းက ဆိုသည်။

အခြားတိုင်းနှင့် ပြည်နယ်ရှိ Stay at Home မြို့နယ်မှ လာသည့် ခရီးသည်များနှင့် ၎င်းတို့ကို Quarantine ထားမည့်ကိစ္စများနှင့် ပတ်သက်ပြီး ညွှန်ကြားချက် ထပ်ထွက်ရန် ရှိကြောင်း သိရသည်။

ထားဝယ်တွင်မူ ဖေဖော်ဝါရီလမှ ဇွန်လဆန်းအထိ ကိုဗစ်ပိုးတွေ့လူနာ နှစ်ရာကျော်ရှိပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ၁၇ ဦးနှင့် သေဆုံးသူ ၃ ဦးရှိသည်ဟု ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

Quarantine ဝင်ပါက ကိုယ့်စရိတ်ဖြင့် ကိုယ်ဝင်ရသည်ဟု သိရသည်။ကိုဗစ်ကူးစက်မှုများ ဆက်ရှိနေသဖြင့် တိုင်းအတွင်းရှိ ထိုင်း-မြန်မာနယ်စပ်ဂိတ်များနှင့် လေယာဉ်ပျံသန်းမှုခရီးစဉ်များကို လတ်တလော ပိတ်ထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၄၆၇၆၈ ဦးရှိပြီး သေဆုံးသူ ၃၂၅၀ ဦးထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်လ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

ပုံစာ- ယခုနှစ် ဇန်နဝါရီလတွင် ထားဝယ်မြို့အတွင်း ကိုဗစ်လူနာသယ်ယူနေသည့် ပရဟိတအဖွဲ့သားများကို တွေ့ရစဉ်