ထားဝယ်တွင် ဘဏ်မှတစ်ဆင့် ငွေထုတ်၊ ငွေလွှဲ ခက်ခဲနေဆဲ

0
170

ထားဝယ်တွင် ငွေထုတ်၊ ငွေလွှဲ ခက်ခဲနေဆဲဖြစ်သောကြောင့် ရာခိုင်နူန်းဖြင့် ငွေသားထုတ်ယူခြင်း၊ အွန်လိုင်းမှ တစ်ဆင့် တစ်ဦးချင်း တိုက်ရိုက် ‌ဘဏ်စာရင်းလွှဲပြောင်းခြင်းတို့ ပြင်ပတွင် ဖြစ်ပေါ်လျက်ရှိသည်။

ယင်းသို့သော အခြေအနေများကို Dawei Watch သတင်းဌာနက
ထားဝယ်မြို့ရှိ ဘဏ်အချို့ထံ ကိုယ်တိုင်သွားရောက်လေ့လာချက်၊ ဘဏ်ဝန်ဆောင်မူရယူရန် စောင့်ဆိုင်းနေသူများအား တွေ့ဆုံမေးမြန်းချက်များကို ဖော်ပြလိုက်သည်။

အွန်လိုင်းမှ တစ်ဦးချင်း တိုက်ရိုက်ဘဏ်စာရင်းလွှဲပြောင်းခြင်းဆိုသည်မှာ ဥပမာ ဧရာဝတီငွေစုဘဏ်စာရင်း ရှိသူက က‌မ္ဘောဇဘဏ်ငွေစုဘဏ်စာရင်း ထံသို့ အပြန်အလှန်ငွေလွှဲပြောင်းပေးခြင်းဖြစ်သည်။

ငွေစုဘဏ်စာရင်းမှငွေကို ငွေသားထုတ်ယူမည်ဆိုပါက အများဆုံး ၆ ရာခိုင်နှုန်းအထိ ဝန်ဆောင်ခပေးကာ ထုတ်ယူကြရသည်။

“ကျွန်တော်တို့ကလည်း ဒီဘက်မှာ ငွေပြန်ထုတ်ရတာ၊ ငွေသားပြန်ဖော်ရတာ အခက်အခဲရှိလို့ ရာခိုင်းနနှုန်းနဲ့ယူနေရတာပါ” ဟု ‌ဘဏ်ပြင်ပ ငွေလွှဲဝန်ဆောင်မူပေးနေသူတစ်ဦးကဆိုသည်။

ငွေလွှဲအခက်အခဲ

ပုဂ္ဂလိကဘဏ် အများစုသည် ငွေထုတ်ဝန်ဆောင်မှုမှလွဲပြီး ကျန်ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း လုပ်ဆောင်ပေးနေကြောင်း ထုတ်ပြန်ထားကြသည်။

သို့သော် မြေပြင်တွင် ငွေလွှဲဝန်ဆောင်မှုမှာ ခက်ခဲနေဆဲဖြစ်သည်။

ယခင်က ပုဂ္ဂလိဘဏ်တစ်ခုခုမှနေပြီး မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုထံသို့ မှတ်ပုံတင်ဖြင့် အလွယ်တကူ ငွေလွှဲနိုင်သော်လည်း လက်ရှိတွင် ယင်းဝန်ဆောင်မှုမှာ မရနိုင်ပေ။

“အခုနိုင်ငံ‌ရေး ဖြစ်စဉ်တွေဖြစ်ပြီးနောက်ပိုင်းမှာ မှတ်ပုံတင်နဲ့ မြန်မာ့စီးပွားရေးဘဏ်ကို ငွေလွှဲလို့မရတော့ဘူး” ဟု ထားဝယ်မြို့ရှိ ပုဂ္ဂလိကဘဏ်ခုမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

သို့သော် ငွေလွှဲမည့်ဘဏ်နှင့် ငွေထုတ်မည့်ဘဏ်တူနေပါက အလွယ်တကူငွေလွှဲနိုင်သည်ဟုဆိုသည်။ ကမ္ဘာ့ရတနာဘဏ်တွင်မူ အများဆုံး ငွေသား သိန်းနှစ်ဆယ်ကျော်အထိ ငွေလွှဲလက်ခံပေးနေကြောင်း ယင်းဘဏ်တွင်ငွေလွှဲဖူးသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအနှံအပြားတွင် ဘဏ်ခွဲများဖွင့်ထားသည့် မြန်မာ့စီးပွားရေးဘဏ်တွင်မူ လိုသလောက်ငွေလွှဲနိုင်ခြင်းမရှိဘဲ အများဆုံးငါးသိန်းအထိသာ ငွေလွှဲနိုင်ကြောင်း သိရသည်။

“ငွေလွှဲရင် ဘယ်လောက်လက်ခံပေးနိုင်သလဲလို့ ကိုယ်လွှဲချင်တဲ့ဘဏ်ကို အရင်ဆုံးဖုန်းဆက်မေးရတယ်။ သူတို့ဘက်က ထုတ်ပေးနိုင်တဲ့ပမာဏကို ပဲ ဒီကနေလွှဲပေးရတာ” ဟု မြန်မာ့စီးပွားရေးဘဏ် ထားဝယ်ဘဏ်ခွဲတွင် ဇွန်လ ၁၆ ရက်က ငွေလွှဲခဲ့သူတစ်ဦးက ဆိုသည်။

ငွေထုတ်အခက်အခဲ

ဘဏ်အပ်ငွေများ ပြန်ထုတ်ယူရခက်ခဲခြင်းမှာ အားလုံး ကြုံနေရသော ကိစ္စဖြစ်သည်။

ATM စက်မှ အချိန်မရွေး ငွေထုတ်မရတော့ပေ။ ဧရာဝတီဘဏ်သည် အပတ်စဉ်သောကြာနေ့တစ်ရက်သာလျှင် ယင်းဘဏ်ရှိ ATM စက်ကိုငွေဖြည့်ပေးနေသည်ဟု သိရသည်။

စီဘီ ဘဏ်တွင်လည်း အခါအားလျော်စွာ ATM စက်ကို ငွေဖြည့်ပေးနေသည်ဆိုသော်လည်း မည်သည့်နေ့တွင် ငွေဖြည့်ပေးသည်ကိုမသိရပေ။ အများအားဖြင့် ATM စက်မှ ငွေထုတ်ယူခြင်းကို မျှော်လင့်မရဟု ဆိုနိုင်သည်။

ထားဝယ်က ကမ္ဘောဇဘဏ် ATM စက်မှာလည်း လတ်တလော ငွေထုတ်မရပေ။ မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ် ATM စက်များတွင် ငွေရှိ/ မရှိကို KBZ Connect ဆိုသည့် ဖုန်း APP မှ တစ်ဆင့်ကြည့်ရူနိုင်ကြောင်း ယင်းဘဏ်ဝက်ဆိုက်တွင် ထုတ်ပြန်ထားသည်။

ATM စက်ပုံ အစိမ်းရောင်ပြထားပါက ငွေအလုံအလောက်ရှိသည်၊ အနီရောင်ဆိုပါက ငွေလက်ကျန်လျော့နည်းနေခြင်းဖြစ်ကြောင်း APP ကိုကြည့်ခြင်းဖြင့် သိနိုင်မည်ဖြစ်သည်။

ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေပြန်ထုတ်လိုသူများကို တိုကင်စနစ်ဖြင့် ထုတ်ပေးလျှက်ရှိသည်။

ကမ္ဘောဇဘဏ် ထားဝယ်ဘဏ်ခွဲ (၁ ) တွင် ဇူလိုင်လ ပထမအပတ်အထိ ငွေထုတ်ရန် တိုကင်ယူထားသူများဖြင့် ပြည့်နေပြီဟုဆိုသည်။ ဧရာဝတီဘဏ်တွင်မူ ဇွန်လ ၂၈ ရက်အထိ ပြည့်နေပြီဖြစ်ကြောင်း ကြေညာထားသည်။

စီဘီနှင့် ကမ္ဘာ့ရတနာဘဏ် ထားဝယ်ဘဏ်ခွဲ (၁) တို့တွင် ဩဂုတ်လဝန်းကျင်အထိ ငွေထုတ်မည့်သူများဖြင့် ပြည့်နေပြီဖြစ်ကြောင်း သိရသည်။

တိုကင်ထုတ်ပေးသည့်နေ့တွင် ဘဏ်ရှေ့တွင် လူတန်းကြီးအရှည်ကိုတွေ့ရမည်ဖြစ်သည်။ ဘဏ်မဖွင့်မီ နံနက် ခြောက်နာရီကတည်းက လာရောက်တန်းစီစောင့်ဆိုင်းနေကြသူများလည်းရှိသည်။

ဇွန်လ ၄ ရက်က ထားဝယ်စီဘီဘဏ်တွင် ငွေထုတ်ရန် စောင့်ဆိုင်းနေသည့် အမျိုးသမီးတစ်ဦးက အောက်ပါအတိုင်း ညည်းတွားလျက်ရှိသည်။

“ငွေထုတ်ရတာ ဒီလိုခက်ခဲမှန်းသိရင် အစကတည်းဘဏ်မှာ မအပ်ပါဘူး”

ပုံစာ- ဇွန်လ ၄ ရက်နေ့က ထားဝယ်မြို့ရှိ CB ဘဏ်တွင် ငွေထုတ်နိုင်ရေး အ တွက် တိုကင်ယူရန် စောင့်ဆိုင်းနေကြသည်