သေနတ်ပစ်ခံရသည့် ထားဝယ်မြို့နယ်ရွေးကော်ဥက္ကဋ္ဌ ခရီးသွားသည့် ကိစ္စ ပြန်ရှင်း

0
141

ထားဝယ်မြို့နယ်အရှေ့ဘက်တွင် သေနတ်ပစ်ခံရသည့် ထားဝယ်မြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ဒေသခံများအတွက် တစ်နိုင်တစ်ပိုင် သတ္တုလုပ်ကွက်လျှောက်ပေးရန် ထောက်ခံစာသွားယူပေးခြင်းသာဖြစ်ကြောင်း မြို့နယ်ရွေးကော်ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောကြားသည်။

မြို့နယ်ရွေးကော်ဥက္ကဋ္ဌသည် ဇွန်လ ၁၄ ရက်နေ့က ထားဝယ်မြို့မှ ၂၅ မိုင်ကျော်ကွာဝေးသည့် ကျောက်မဲတောင်ကျေးရွာသို့သွားပြီး အပြန်ခရီးတွင် ၎င်းမောင်းနှင်လာသည့်ကားကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်သည်။

ဒေသခံများတစ်နိုင်တစ်ပိုင်လုပ်ကွက်လျှောက်ရန်အတွက် ကျောက်မဲတောင်ရွာ အုပ်ချုပ်ရေးမှူးထံတွင် ထောက်ခံစာယူပြီး ထားဝယ်မြို့သို့ပြန်လာချိန်တွင် ရမ္မဇူကျေးရွာထိပ်တွင် သေနတ်ပစ်ခတ်ခံရကြောင်း ဦးစိုးလွင်က ဆိုသည်။

ဦးစိုးလွင် ကျောက်မဲတောင်ကျေးရွာသို့ သွားသည့်ကိစ္စနှင့် ပတ်သက်၍ Facebook စာမျက်နှာပေါ်တွင် ပြောဆိုဝေဖန်မှုအမျိုးမျိုး ရှိနေခဲ့သည်။

“ကျွန်တော်ကနေ ဒေသခံတွေ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် တစ်နိုင်တစ်ပိုင် လုပ်ကွက်လျှောက်ပေးဖို့အတွက် ထောက်ခံချက်သွားယူတယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ” ဟု ဦးစိုးလွင်က ပြောသည်။

ကျောက်မဲတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း ၎င်းထံတွင် ထောက်ခံချက် လာယူသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

ယင်းသတ္တုလုပ်ကွက်နေရာမှာ မြင်းခံဘော်ရွာသွားသည့် လမ်းအနီး ကျောက်မဲတောင်ကျေးရွာအပိုင်တွင်ရှိကြောင်း အုပ်ချုပ်ရေးမှူးက ဆိုသည်။

ဦးစိုးလွင်သည် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ အဖြစ် ၂၀၁၅- ၂၀၂၀ ခုနှစ် အတွင်း တာဝန်ယူခဲ့သည်။

လက်ရှိ တပ်ကောင်စီလက်ထက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) ကိုသာ ဖွဲ့စည်းထားပြီး တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းထားခြင်း မရှိသေးပေ။