တနင်္သာရီတိုင်း လေယာဉ်ခရီးစဉ်များ လကုန်အထိ ရပ်နားထားမည်

0
164

ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေသည်ဟုဆိုကာ တနင်္သာရီတိုင်းအတွင်းသို့ ပြေးဆွဲနေသည့်လေယာဉ်ခရီးစဉ်များ ပြေးဆွဲမှုရပ်နားထားခြင်းကို ဇွန်လကုန်အထိ သက်တမ်းတိုးလိုက်သည်။

ထားဝယ်၊ မြိတ်နှင့် ကော့သောင်းသို့ ပျံသန်းပြေးဆွဲနေသည့် လေယာဉ်ခရီးစဉ်များအား မူလက မေလ ၂၉ ရက်နေ့မှစ၍ ဇွန်လ ၆ ရက်နေ့အထိ ရပ်နားထားခဲ့သည်။

လက်ရှိတွင် ကိုဗစ်ကပ်ဘေး ကူးစက်မှုပိုမိုမြင့်တက်လာသည့်အတွက် လေကြောင်းလိုင်းအများစုအနေဖြင့် ဇွန်လ ၃၀ ရက်နေ့အထိ ရပ်နားတော့မည်ဖြစ်ကြောင်း ထားဝယ်မြို့ပေါ်ရှိ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

လေယာဉ်လက်မှတ်ကြိုတင်ဝယ်ထားသူများကို ဝယ်ယူသည့်နှုန်းထားအတိုင်း ပြန်အမ်းနေကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။

ပထမအကြိမ် လေယာဉ်ခရီးစဉ် ရပ်နားသည့် မေလ ၂၉ ရက်မှ ဇွန်လ ၆ ရက်နေ့အထိ နောက်ပိုင်းတွင်လည်း ပျံသန်းမှုရပ်နားခြင်းကို သက်တမ်းတိုးကြောင်း ရက်ပိုင်းအလိုက် သုံးကြိမ်ခန့် ထုတ်ပြန်ခဲ့သည်။

“ဝယ်တဲ့သူကလည်း သိပ်မရှိတော့ဘူးရှင်၊ ပထမတစ်ကျော့ကတည်းက ပြန်အမ်းပေးပြီးပြီ၊ နောက်ထပ်လည်း မရောင်းဘူး၊ မသေချာဘူးဆိုတော့လေ”ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်းသို့ မြန်မာ့လေကြောင်း၊ အဲယားကမ္ဘောဇလေကြောင်းလိုင်း၊ မန်းရတနာပုံနှင့် ရွှေမြန်မာလေကြောင်း လိုင်းတို့ ပြေးဆွဲခဲ့သည်။

လတ်တလောကြေညာချက်များအရ MNA လေကြောင်းလိုင်းက ဇွန်လ ၂၃ ရက်နေ့အထိနှင့် အဲယားကမ္ဘောဇ လေကြောင်းလိုင်း၊ မန်းရတနာပုံနှင့် ရွှေမြန်မာလေကြောင်းလိုင်းများကမူ ဇွန်လ ၃၀ ရက်နေ့အထိ ရပ်နားထားကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်း ခရီးစဉ်များအပြင် ကလေး၊ တာချီလိတ်နှင့် ကျိူင်းတုံမြို့ ခရီးစဉ်များလည်း ရပ်နားထားကြောင်း သိရသည်။

ပုံစာ- ထားဝယ်လေဆိပ်သို့ ဆိုက်ရောက်လာသည့် MNA လေယာဉ်တစ်စင်းအား ယမန်နှစ် မတ်လအတွင်းက တွေ့ရစဉ်