ဖမ်းဆီးခံထားရသည့် ကနက်သီရိရွာသားအချို့ပြန်လွတ်

0
167

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာတွင် ဖမ်းဆီးခံထားရသည့် ရွာသားတစ်ဆယ်ကျော်ကို ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် ပြန်လွတ်ပေးလိုက်ကြောင်း ဒေသခံအချို့ကပြောကြားသည်။ အချို့မှာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ပြီး လူဦးရေအတိအကျကိုမူမသိရကြောင်း ၎င်းတို့က ပြောသည်။

“ဖမ်းထားတဲ့သူအားလုံးကိုတော့မလွှတ်ပေးသေးဘူး။ တချို့ ကျန်နေတဲ့သူတွေ ရှိသေးတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ကနက်သီရိကျေးရွာသို့ စစ်တပ်က ဇွန်လ ၁၂ ရက်က လာရောက်တပ်စွဲပြီးနောက် ရွာသားများအဖမ်းဆီးခံနေရပြီး အချို့ကိုပြန်လွှတ်ပေးနေခြင်းဖြစ်သည်။ ထားဝယ်မြို့ ပေါက်တိုင်းတံတားတွင် ဖမ်းဆီးခံလိုက်ရသည့် ကနက်သီရိရွာသား ကားသမားတစ်ဦးဖြစ်သူ ကိုလွင်ပိုင်ကျော်နှင့် ၎င်း၏ဖခင်ဦးစိုးမြင့်ကိုမူ ထားဝယ်အကျဉ်ထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

ကိုလွင်ပိုင်ကျော်အား လက်နက်အမှု သို့မဟုတ် မူယစ်ဆေးဝါးအမှုတစ်ခုခုဖြစ် တရားစွဲနိုင်ပြီး ဦးစိုးမြင့်ကိုမူ ဆန္ဒပြရာတွင်အသုံးပြုသည့် အလံ သိမ်းဆည်းထားခြင်းတို့ကြောင့် တရားစွဲခံရနိုင်ကြောင်း ဒေသခံတို့က ခန့်မှန်းနေကြသည်။ ရွာထဲတွင် တပ်စွဲထားသည်များကို ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင် ရုပ်သိမ်းသွားပြီး ရွာအဝင်ဝ ၂၈ ဆူကျောင်းဝင်းအတွင်းသို့ပြောင်းရွှေ့တပ်စွဲလိုက်ကြောင်း ဒေသခံအချို့ကပြောသည်။ စစ်သားတစ်ချို့မှာ ရွာမှထွက်ခွာသွားပြီဖြစ်ကြောင်း ဆိုသည်။ “ကားတစ်စီးနဲ့ မနေ့ကတော့ ပြန်သွားကြပြီ။

တော်တော်များများစစ်သားတွေကတော့ ကျန်နေခဲ့ကြသေးတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ ကနက်သီရိကျေးရွာတွင် လက်နက်များရှိနေသည်ဟုအ‌ကြောင်းပြကာယင်းသို့ဝင်ရောက်ရှာဖွေဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

“သေတ္တာတွေကိုရိုက်ဖျက်ပြီးတော့ လက်နက်ရှာတယ်ဆိုပြီးရှာတယ်။ ဘာလက်နက်မှမတွေ့ဘူး။ ကွမ်းသီးခြောက်ထည့်ထားတဲ့ပုံးတွေပဲရှိတာ” ဟု အထက်ပါအမျိုးသမီးကပြောသည်။

ယင်းသို့ရှာဖွေဖမ်းဆီးခြင်းကြောင့် ရွာသားအများအပြား ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းခံရပြီး ပြန်လွှတ်ပေးလိုက်သူများလည်းရှိသည်။ ဒေသခံတို့၏ ဆိုင်ကယ်နှင့်ကားအချို့ကိုလည်း သိမ်းဆည်းခြင်းခံထားရကြောင်း ပြောဆိုကြသည်။

ပုံစာ- ကနက်သီရိရွာရှိ ဘုရားကိုးဆူ ဘုန်းကြီးကျောင်းအား တွေ့ရစဉ်