ကျွန်းစု CDM ဆရာမနှစ်ဦး ထောင်သုံးနှစ်စီ ချမှတ်ခံရ

0
238

မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်သည်ဟုဆိုကာ ဆရာမနှစ်ဦးအား ဇွန်လ ၁၄ ရက်က ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချခံရကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသူနှစ်ဦးမှာ ကျွန်းစုမြို့နယ် တောင်သုံးလုံးကျေးရွာတွင် တာဝန်ကျနေသည့် အလယ်တန်းပြဆရာမ ဒေါ်နေခြည်ထွေးနှင့် အုတ်ဖိုမော်ရွာတွင်တာဝန်ကျနေသည့် မူလတန်းပြဆရာမ ဒေါ်ချစ်မြတ်သူတို့ ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် CDM တွင်ပါဝင်ပြီး လှုံ့ဆော်မှုလည်း ပြုလုပ်သည်ဟုဆိုကာ မတ်လ ၃၁ ရက်က နေအိမ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။ထိုနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ထောင်ကျသွားတဲ့မိသားစုမှာ အခက်အခဲတော့ရှိမှာပေါ့လေ။ အခက်အခဲမရှိတဲ့ သူဆိုတာ ဘယ်ရှိနိုင်မလဲ” ဟု ၎င်းကဆိုသည်။ ဒေါ်နေခြည်ထွေးနှင့် ဒေါ်ချစ်မြတ်သူတို့နှစ်ဦးအပါအဝင် အခြားသူများကိုလည်း ဇွန်လ ၁၄ ရက်က ထောင်ဒဏ်သုံးနှစ်စီအမိန့်ချမှတ်ခဲ့ပြီး လူဦးရေအတိအကျကိုမူ မသိရကြောင်း ၎င်းကပြောသည်။

အသက် ၂၆ နှစ်အရွယ် ဒေါ်နေခြည်ထွေးနှင့် အသက် ၂၃ နှစ်အရွယ် ဒေါ်ချစ်မြတ်သူတို့မှာ အဒေါ်နှင့်တူမ ဆွေမျိုးတော်စပ်သူများဖြစ်ကြသည်။

ပုံစာ- ဒေါ်နေခြည်ထွေးနှင့် ဒေါ်ချစ်မြတ်သူ