လောင်းလုံး‌ ‌ထွေအုပ်ရုံးအနီးပေါက်ကွဲမှု လူငယ်တစ်ဦး ဖမ်းဆီးခံရ

0
136
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှုးရုံးအနီး ဇွန်လ ၁၄ ရက်ညနေပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် အသက် ၂၀ နှစ်ဝန်းကျင် လူငယ်တစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဆွေမျိုးတော်စပ်သူအချို့ထံမှ သိရသည်။

ယမန့်နေ့ည ခြောက်နာရီကျော်ဝန်းကျင်က ထွေအုပ်ရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့ကလာရောက်စစ်ဆေးခဲ့ကြောင်း အဖမ်းခံရသူနှင့် ဆွေမျိုးတော်စပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ထိုသို့ စစ်ဆေးနေသည်ကို အိမ်ပေါ်မှ ရပ်ကြည့်နေသော အသက် ၂၀ ကျော်အရွယ်ရှိ မောင်ထက်အောင်ယံအား ဓါတ်ပုံရိုက်သည်ဟုဆိုကာ ဖမ်းဆီးသွားသည်ဟု အထက်ပါ အမျိုးသမီးကပြောသည်။”သူက ပေါက်ကွဲသံကြားတော့ အပြင်ထွက်ကြည့်တယ်။

ရဲတစ်ယောက်က အထဲဝင်လို့ သူကိုပြောတယ်ပေါ့နော်။ သူအိမ်အောက်ရောက်တော့ ရဲတစ်ဦးက သူဓာတ်ပုံရိုက်နေတာ လား မသိဘူးဆိုပြီး သူဖုန်းကိုတောင်းတယ်။ ပြီးတော့ဖမ်းသွားတယ်”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသော မောင်ထက်အောင်ယံအား မည်သည့်ပုဒ်မဖြင့် တရားစွဲဆို သွားမည်ကိုလည်း မသိရသေးကြောင်း အထက်ပါအမျိုးသမီးကဆိုသည်။မောင်ထက်အောင်ယံသည် မိခင်ဆုံးပါးသွားပြီးဖြစ်ကာ ဖခင်ဖြစ်သူနှင့်အတူ‌ လောင်းလုံးမြို့မဈေးအနီးနေထိုင်ကြောင်း သိရသည်။ထို့အပြင် ၎င်းမှာ ပြီးခဲ့သည့်ပညာသင်နှစ်က အခြေခံပညာ အထက်တန်းအောင်မြင်ထားသူ ဖြစ်သည်။

လောင်းလုံးမြို့သည် ထားဝယ်မြို့မှ ၁၄ မိုင်အကွာတွင် တည်ရှိပြီး ရှင်ကိုးရှင်ဝင် စာရင်းဝင် ရှင်မော်ဘုရားသို့ သွားရာလမ်းတွင် တည်ရှိသည်။